ရွှေဖီမြေ၊ သြဂုတ် ၇ ရက်၊ လားရှိုး
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရှမ်းမြောက် လားရှိုးမြို့ပြင်ရှိ အေတီချောင်းရေ တက်လာတာကြောင့် ချောင်းအနီးရှိ လယ်ယာတွေ ရေနစ်မြှုပ်ကုန်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေတဲ့ လားရှိုးမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“လယ်ဧကတော့ များတယ်။ ရေပူစမ်းနားအထိတောင် ရေမြှုပ်တယ်။ အေတီချောင်းက ပြည့်ပြီးတော့မှ လမ်းပေါ်အထိ ရောက်တယ်။ အေတီချောင်းနဲ့နီးတဲ့နေရာ အကုန်ပျက်တယ်”
မနေ့ သြဂုတ် ၆ ရက်မှာ ရေတိုက်စားလို့ အေတီချောင်းအနီးရှိ ရေအိမ်တချို့ရဲ့ အုတ်တံတိုင်းတွေ ပြိုကျပြီး အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ ၎င်းက ဆက်ပြောပြပါတယ်။
ဒါ့အပြင် ရှမ်းမြောက် သိန္နီမြို့အနီးရှိ နမ္မတူချောင်းရေ တက်လာတာကြောင့် ချောင်းအနီးရှိ စပါးခင်းတွေ ရေနစ်မြှုပ်ကုန်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သိန္နီနဲ့ လားရှိုးမြို့အပါအဝင် နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါမြို့နယ်မှာလည်း ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်ခဲ့ပြီး မြေပြိုတာကြောင့် လမ်းပိုင်းတချို့ သွားလာလို့ မရသေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။