ပျားကြီး၊ ဩဂုတ် ၇ ရက်၊ ကန့်ဘလူ
သဖန်းဆိပ်ဆည် ရေဖောက်ချမှုကြောင့် ဆည်အောက်ပိုင်းဒေသတွေဖြစ်တဲ့ ကောလင်း၊ ကန့်ဘလူ၊ ခင်ဦးနဲ့ တန့်ဆည်မြို့နယ်တွေက ကျေးရွာပေါင်း တစ်ရာနီးပါးဟာ ရေကြီးနစ်မြှုပ်မှုဒဏ်ကို ဆိုးဆိုးရွားရွား ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မိုးအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် သဖန်းဆိပ်ဆည်ရဲ့ ရေသိုလှောင်နိုင်မှုပမာဏအထိ ရောက်ရှိလာတာကြောင့် ရေထိန်းတံခါး ဖွင့်ပစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။
“ရေက အများကြီးကို ဖွင့်ချပစ်နေရတာဆိုတော့ ကောလင်းတစ်နယ်လုံး ရေပြင်ကြီး ဖြစ်နေပြီ။ ကန့်ဘလူဖက်မှာဆို ရွာ ၄၀ လောက် ရေနစ်နေတယ်။ ဆည်အောက်ပိုင်းတစ်ခုလုံးလိုလို ဖြစ်နေတာပေါ့” လို့ ကန့်ဘလူမြို့နယ်က ဒေသခံပရဟိတသမားတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်က ၅၄၅ ပေ ရေသိုလှောင်နိုင်တဲ့ သဖန်းဆိပ်ဆည်ရဲ့ လက်ရှိ ကန်ရေပြည့် အမှတ်ဟာ ၅၄၄ ပေနီးပါးအထိ ရှိနေတာကြောင့် ရေထိန်းတံခါးတွေကနေ ရေလွှတ်နှုန်း ၈ သောင်း ကျူ့စက်(ကုဗပေ/စက္ကန့်)အထိ ဖွင့်ချထားရပြီး ရေလွှတ်နှုန်း မြင့်မားမှုကြောင့် ရေဟာ ဆည်အောက်ပိုင်းဒေသတွေဘက်ကို အထိန်းအကွပ်မရှိ အရှိန်နဲ့ စီးဆင်းနေတာပဲ ဖြစ်ပါတယ်။
ဆည်ရေ ဖွင့်ချလိုက်မှုကြောင့် မူးမြစ်ရေ မြင့်တက်လာချိန်မှာ ချောင်းကို ဖြတ်ကူးဖို့ ကြိုးစားနေတဲ့ ဒီပဲယင်းမြို့နယ် ချောင်းရိုးရွာက ကောက်စိုက်သမ ၆ ဦးဟာ ရေစီးနဲ့အတူ မျောပါပြီး အသက်ဆုံးရှုံးမှုလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိအချိန်မှာ ရေကြီးနစ်မြှုပ်မှုဒဏ်ကို ဆိုးဆိုးရွားရွား ခံနေရတဲ့ ကန့်ဘလူ၊ ခင်ဦး၊ တန့်ဆည်မြို့နယ်တွေမှာရှိတဲ့ ကျေးရွာပေါင်း ၁၀၀ နီးပါးက ဒေသခံတွေဟာ ဘေးလွတ်ရာကို အမြန်ရွှေ့ပြောင်းနေရတယ်လို့ ခင်ဦးမြို့နယ်မှ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။
အလားတူ မန္တလေးတိုင်း မတ္တရာမြို့နယ်က ဆည်တော်ကြီး ရေလှောင်တမံကိုလည်း ဖွင့်ချခဲ့တာကြောင့် ဆည်အောက်ပိုင်းက ကျေးရွာ ၅ ရွာထက်မနည်းမှ ဒေသခံတွေဟာ ဘေးလွတ်ရာ အမြန်ရွှေ့ပြောင်းထားရပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်း လေးမျက်နှာ၊ ဟင်္သာတ၊ ကျုံပျော်၊ ရေကြည် စတဲ့မြို့နယ်တွေမှာ ငဝန်တာ ကျိုးပေါက်မှုကြောင့် ရေကြီးနစ်မြှုပ်မှု ရှိနေပြီး လက်ရှိအချိန်ထိ ကျေးရွာပေါင်း ၁၁၀ နီးပါးဟာ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆက်လက်လုပ်ဆောင်နေရဆဲ ဖြစ်တယ်လို့ လေးမျက်နှာမြို့ခံတွေက ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။