ပပ၊ ဩဂုတ် ၉ ရက်၊ ကွတ်ခိုင်
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်ရှိ ကျေးရွာတချို့က ဒေသခံတွေကို မူးယစ်ဆေးဝါးသုံးစွဲကြောင်း သံသယရှိသူတွေကို ကချင်တပ်မတော် KIA က ဖမ်းဆီးပြီး ငွေပေးနိုင်တဲ့သူကိုသာ ပြန်လွှတ်ပေးနေကြောင်း ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ သူတွေနဲ့ နီးစပ်သူ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဩဂုတ်လပထမပတ်ကစပြီး ကွတ်ခိုင်မြို့နယ် ကောင်းခါး၊ မန်ပိန်း၊ မန်လွယ်နဲ့ ပန်နင်စတဲ့ ကျေးရွာက မူးယစ်ဆေးဝါးသုံးစွဲကြောင်း မသင်္ကာသူတွေကို KIA က ဖမ်းဆီးသွားပြီး ငွေကျပ် ၁၀ သိန်း၊ ၁၅ သိန်းနဲ့ သိန်း ၂၀ အမျိုးအစား ခွဲခြားထားပြီး ၎င်းတောင်းခံတဲ့ ငွေပမာဏပေးနိုင်တဲ့ သူတွေကိုသာ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံခဲ့ရသူနဲ့ နီးစပ်သူ အမျိုးသားက “တကယ် ဆေးသုံးတဲ့ သူတွေကိုတော့ ဖမ်းစေချင်ပါတယ်။ ကောင်းတာပေါ့။ အပြီးအပိုင် အမြစ်ပြတ်နိုင်ဖို့ လုပ်ပေးပေါ့။ အခုက သူတို့က မူးယစ်ဆေးဝါးကို ပပျောက်အောင် လုပ်ချင်တာက ဟန်ပြဘဲ။ အဓိကတော့ ငွေဘဲပေါ့” လို့ ပြောပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ မိသားစုဝင်တွေဟာ ခြံ၊ အိမ်၊ စက်ပစ္စည်း၊ အိမ်မွေးတိရိစ္ဆာန် စတာတွေကို ရောင်းပြီး KIA ဖမ်းဆီးထားတဲ့သူတွေကို ပြန်ထုတ်ဖို့ ကြိုးစားနေကြရတာကြောင့် အခက်အခဲ ကြုံနေရကြောင်း နောက်ထပ် ကောင်းခါးဒေသခံ အမျိုးသမီးက ဆိုပါတယ်။
“အဲဒီဖမ်းခံရတဲ့အထဲမှာ တကယ်မူးယစ်ဆေးသုံးတဲ့ သူတွေကိုတော့ တချို့မိဘတွေ သွားမထုတ်ကြတော့ဘူး။ တကယ်မသုံးဘဲ ဖမ်းခံရတဲ့ သူတွေလည်းပါတော့ သူတို့မိဘဆွေမျိုးတွေက ပြန်သွားထုတ်ချင်ကြတယ်လေ။ အဲတာကို သူတို့ပြောသလောက်ပိုက်ဆံကို အနောက်ကလူတွေက ရတဲ့နည်းနဲ့ ရှာပေးရတယ်” လို့ ပြောပါတယ်။
KIA ဖမ်းဆီးထားတဲ့ ကွတ်ခိုင်ရှိ ဒေသခံတွေဟာ ၅၀ ဝန်းကျင်ရှိနေပြီး တချို့ကိုတော့ မိသားစုဝင်တွေက ပြန်ထုတ်နိုင်ပေမဲ့ တချို့ကတော့ လက်ရှိအချိန်အထိ ဖမ်းဆီးခံနေရဆဲဖြစ်တယ်လို့ အထက်ပါ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။