ရွှေဖီမြေ၊ ဩဂုတ် ၂၇ ရက်၊ မန်တုံ
တအာင်းဒေသ မန်တုံမြို့နယ် ဆာလူရွာက ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးဟာ တရုတ်နိုင်ငံ ရွှေလီမြို့မှာ အလုပ်သွားလုပ်ရင်း ပျောက်ဆုံးနေတယ်လို့ မိသားစုနဲ့ နီးစပ်သူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပျောက်ဆုံးနေသူ အမျိုးသမီးဟာ လွေးယေကြိမ်ဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်မှာ ပွဲစားအချိတ်အဆက်နဲ့ တရုတ်နိုင်ငံဘက် အလုပ်လုပ်ဖို့ သွားရောက်ခဲ့တာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ပထမအပတ်မှာ နောက်ဆုံးအကြိမ် အဆက်အသွယ် ရခဲ့တာဖြစ်ပြီး အဲဒီရက်ကနေ ဩဂုတ်လအထိ အဆက်အသွယ် မရတော့ကြောင်း မိသားစုဝင်ဆီက သိရပါတယ်။
မိသားစုနဲ့ နီးစပ်သူ အမျိုးသမီးတစ်ဦးက “သူက ကျမတို့နဲ့ မူဆယ်မှာ အလုပ်လုပ်တာ တစ်နှစ်နီးပါးရှိပြီ။ အဲဒီနောက် ရွှေလီဘက် သွားမယ်တဲ့။ မသွားနဲ့လို့ တားတယ်။ သူက ပွဲစားနဲ့ ချိတ်ဆက်ထားပြီးသားတဲ့ လိုက်သွားတာ။ သူက တရုတ်စကားလည်း မတတ်ဘူး။ ၅ လပိုင်း အစမှာတော့ သူနဲ့ဆက်သွယ်ရသေးတယ်။ အဲဒီနောက် အခုထိ အဆက်အသွယ် မရတော့ဘူး” လို့ ပြောပါတယ်။
လွေးယေကြိမ်ဟာ တရုတ်နိုင်ငံဘက် ရောက်ရှိပြီးနောက် သူ့ကိုကယ်ပေးဖို့ အကူအညီ တောင်းခဲ့တာကြောင့် လူကုန်ကူးခံရတာ ဖြစ်နိုင်တယ်လို့လည်း အထက်ပါအမျိုးသမီးက သုံးသပ်ပြောဆိုပါတယ်။
“၅ လပိုင်းအစမှာတော့ ဆက်သွယ်ရတယ်။ သူက သူ့ကို လာကယ်ပေးအုံးတဲ့။ သူနေတဲ့နေရာကို မေးလည်း မပြောပြတတ်ဘူး။ ရွှေလီကနေ သုံးရက်လောက် သွားရတယ်တဲ့။ ကျမအထင်တော့ တရုတ်ပြည်ကြီးဘက် ရောက်သွားတာထင်တယ်။ အဲဒီနောက် သူလိုင်းပေါ်လည်း မတက်တော့ဘူး။ ဖုန်းမကိုင်ရတော့လား ဘာဖြစ်တာလဲတော့ မသိဘူး။ ကျမထင်တာတော့ တရုတ်မယားအဖြစ် ရောင်းစားခံရတာလား မသိဘူး”
လွေးယေကြိမ်ဟာ တရုတ်ပြည်ရဲ့ ဘယ်နေရာမှာ ရောက်ရှိနေတယ်ဆိုတာကို ရှာဖွေဖို့ အခက်အခဲ ရှိနေတယ်လို့လည်း ဆိုပါတယ်။
မိသားစုဝင်က စိတ်ပူနေပြီး ပြန်တွေ့လိုတာကြောင့် လွေးယေကြိမ်ကို တွေ့ရှိသူအနေနဲ့ ဖုန်း
09-661 620 330 သို့ ဆက်သွယ်အကြောင်းကြားပေးဖို့ မိသားစုဝင်ဘက်က တောင်းဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။