ရွှေဖီမြေ၊ ဩဂုတ် ၂၀ ရက်
တအာင်းဒေသရှိ မိဘပြည်သူတွေရဲ့ လုံခြုံရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးအတွက် စနစ်တကျ ဝန်ဆောင်မှုပေးနိုင်ဖို့ ရည်ရွယ်ပြီး တအာင်းဒေသ လူဝင်မှုကြီးကြပ်ရေးဌာနကနေ အပတ်စဉ် ၂ အတွက် ဝန်ထမ်းသစ် အယောက် ၅၀ ခေါ်ယူသွားမယ်လို့ သိရပါတယ်။
လျှောက်လွှာတွေကိုတော့ ဒီနေ့ ဩဂုတ်လ ၂၀ ရက်ကနေ စက်တင်ဘာလ ၃၀ ရက်အထိ လက်ခံသွားမှာဖြစ်ပြီး အောက်တိုဘာလ ၁ ရက်နေ့မှာ လျှောက်လွှာပိတ်သိမ်းသွားမှာ ဖြစ်ပါတယ်။
လူတွေ့စစ်ဆေးတာကိုတော့ အောက်တိုဘာလ ၁၀ ရက်ကနေ ၁၅ ရက်အတွင်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ဝန်ထမ်းလျှောက်ထားမယ့်သူတွေအနေနဲ့ စနစ်ဟောင်း ၁၀ တန်း ဒါမှမဟုတ် စနစ်သစ် Grade-12 ကို အနည်းဆုံး C အဆင့်နဲ့ အောင်မြင်ထားသူတွေ ဖြစ်ရမှာဖြစ်ပြီး ဘွဲ့ရရှိထားသူတွေလည်း လျှောက်ထားနိုင်ပါတယ်။
ဒါ့အပြင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း ဖြစ်ရမှာဖြစ်ပြီး အရပ် ၅ ပေအထက်ရှိရမှာ ဖြစ်ပါတယ်။

အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမှာဖြစ်သလို နေရာဒေသမရွေး တာဝန်ထမ်းဆောင်နိုင်ပြီး ဌာနက ဖွင့်လှစ်မယ့် သင်တန်းတွေကိုလည်း တက်ရောက်နိုင်ရမှာ ဖြစ်ပါတယ်။
လျှောက်ထားတဲ့အခါမှာတော့ လျှောက်လွှာဖောင်နဲ့အတူ ပညာရေးသက်သေခံလက်မှတ်တွေ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ၊ အိမ်ထောင်စုစာရင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက်နဲ့ ၁ လက်မ × ၁ ဒသမ ၂ လက်မအရွယ် ကာလာဓာတ်ပုံ ၃ ပုံ တင်ပြရမှာ ဖြစ်ပါတယ်။
ရွေးချယ်ခံရတဲ့သူတွေအနေနဲ့ အခြေခံလစာ ကျပ် ၃ သိန်းရရှိမှာဖြစ်ပြီး ရာထူးအလိုက် ခံစားခွင့်တွေအပြင် လိုအပ်ပါက နေရာထိုင်ခင်းနဲ့ အခြားအစီအမံတွေလည်း ရရှိမယ်လို့ သိရပါတယ်။
TNLA ရဲ့ လူဝင်မှုကြီးကြပ်ရေးဌာနဟာ ၂၀၁၆ ခုနှစ်မှာ PSLF/TNLA ရဲ့ အထွေထွေအုပ်ချုပ်ရေးဌာနကနေ သန္ဓေပြုခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ဝန်ထမ်းအင်အား တိုးချဲ့ကာ လုပ်ငန်းတွေ စတင်လည်ပတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ၂၀၂၄ ခုနှစ်မှာတော့ အဖွဲ့အစည်းရဲ့ လုပ်ငန်းသစ်တစ်ခုအနေနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနကို အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။