ရွှေဖီမြေ၊ ဩဂုတ် ၁၀ ရက်၊ မိုင်းလုံ
ရှမ်းမြောက် ကျောက်မဲမြို့နဲ့ မိုင်းလုံမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းမပေါ်မှာ မြေပြိုမှုနဲ့ လမ်းတွေ ပြိုနေတာကြောင့် ကားတွေ သွားလာလို့ မရသေးဘဲ လမ်းတွေ ဆက်လက် ပြုပြင်နေရဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
အဲဒီလမ်းတွေဟာ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်ကစပြီး မြေတွေ ပြိုနေတာကြောင့် ကား သွားလာလို့မရ ဖြစ်နေပါတယ်။
“အခုကတော့ ဆက်တိုက် ပြင်နေတယ်။ ညနေပိုင်းလောက်မှ အဖြေသိရမယ်။ ဆိုင်ကယ်လောက်တော့ ရတယ်။ ကားတွေတော့ သွားမရဘူး။ လမ်းပြိုတာရော လမ်းပေါ်က မြေကြီးတွေ ပြိုတာရော ဖြစ်နေတယ်” လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်ထိ မိုးတွေ ဆက်တိုက် ရွာနေတာကြောင့် မြေပြိုမှု ဆက်ဖြစ်လာနိုင်လို့ အသွားအလာ ဂရုစိုက်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
မိုင်းလုံအပြင် မိုးကုတ်၊ နမ့်ဆန်မြို့နယ်မှာလည်း မြေတွေပြိုလို့ လမ်း ပိတ်မိနေပြီး သွားလာမရဖြစ်နေပါတယ်။
ဒါ့အပြင် ရှမ်းမြောက် ပြည်ထောင်စုလမ်းမပေါ်ရှိ ကွတ်ခိုင်နဲ့ ၁၀၅ မိုင်ကြားမှာလည်း လမ်းတွေ ပြိုကျနေပြီး ပျက်စီးမှု ရှိနေပါတယ်။
လက်ရှိ မြန်မာနိုင်ငံနေရာအနှံ့မှာ မိုးဆက်တိုက် ရွာနေတာကြောင့် ရေကြီးမှု လမ်း တံတား ပြိုကျမှု ဆက်တိုက် ဖြစ်ပွားနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။