ရွှေဖီမြေ၊ ဩဂုတ် ၇ ရက်၊ လားရှိုး
ရှမ်းမြောက် လားရှိုးမြို့နယ် အီနိုင်းရွာမှာ ချောင်းရေကြီးပြီး လမ်းမကြီးပေါ် ရေ ၅ ပေကျော် တက်လာတာကြောင့် ဖြတ်သန်းသွားလာလို့ မရသေးကြောင်း အီနိုင်းဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဩဂုတ် ၆ ရက်မှာ ကားကြီးတွေ ဖြတ်သန်းသွားလာလို့ ရသေးပေမဲ့ ဒီနေ့ ဩဂုတ် ၇ ရက်မှာတော့ ရေ ထပ်မံ မြှင့်တက်လာကြောင့် ဘယ်ကားမှ ဖြတ်သန်းလို့မရတော့ဘူးလို့ ဆိုပါတယ်။
အီနိုင်းဒေသခံတစ်ဦးက “မနေ့တုန်းက သွားကြည့်သေးတယ်။ ကားကြီးတွေ ရတယ်။ ဒီနေ့ ၇ ရက်နေ့မှာ လုံးဝ ဖြတ်လို့မရတော့ဘူး။ ကုန်တင်ကားကြီးလည်း မရလောက်ဘူး။ ကားလမ်းပေါ်မှာ ရေ ၅ ပေကျော်လောက် တက်တယ်။ အရင်တုန်းက လှေနဲ့ စီစဉ်ပေးတယ်။ အခုက မပြင်ဆင်ပေးတော့ဘူး။ မန်တုံကနေလာတဲ့ ဘော်လုံးကန်တဲ့အဖွဲ့တွေတောင် အီနိုင်းဘက်မှာ တည်းတာ။ ဒီနေ့က သူတို့ရဲ့ဖွင့်ပွဲ လားရှိုးဘက် လာလို့မရတော့ ဖျက်လိုက်ရတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ဒေသခံတွေရဲ့ နေအိမ်နဲ့ စပါးခင်း ပြောင်းဖူးစိုက်ခင်းတွေ ရေနစ်မြှုပ်ကုန်တယ်လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။
“စပါးပင်တွေ ပြောင်းဖူးပင်တွေ အဖြားပဲ တွေ့ရတော့တယ်။ စပါးပင်တွေ ပိုဆိုး လုံးဝ မမြင်ရတော့ဘူး။ ရွာထဲ မျက်လုံးတစ်ဆုံး ရေကြီးနေတာ။ တချို့အိမ်မှာလည်း ရေဝင်ကုန်ပြီ”
ရှမ်းမြောက်က မြို့နယ်အများစုနဲ့ ရှမ်းအရှေ့က မြို့နယ်တွေမှာလည်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။