အလင်း၊ သြဂုတ် ၆ ရက်၊ ကလေး
စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်မှာ လက်နက်ကိုင်ဆောင်ပြီး လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးနေတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူး(ဟောင်း) ဓားနဲ့ ခုတ်ခံရတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
ဓားနဲ့ခုတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးဟာ ကလေးမြို့ မြို့သာရပ်ကွက်က အုပ်ချုပ်ရေးမှူး(ဟောင်း) ဦးစိုင်းမောင်ကြည်ဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ် ၃ ရက် ညပိုင်းက ၎င်းရဲ့နေအိမ်အတွင်း ဓားနဲ့ ခုတ်ခံရတာပဲ ဖြစ်ပါတယ်။
“အိမ်ထဲမှာ ရှိနေတဲ့အချိန်မှာ လူတစ်ယောက်က ဓားနဲ့ လာခုတ်သွားတာပါ။ တရားခံကလည်း ထွက်ပြေးလွတ်မြောက်သွားတယ်။ အခုထိ ရဲတွေလည်း ဖမ်းမမိကြသေးပါဘူး” လို့ ကလေးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဓားခုတ်ခံရပြီးနောက် ဦးစိုင်းမောင်ကြည်ဟာ ဓားဒဏ်ရာ ရရှိခဲ့ပြီး လက်ရှိ ကလေးမြို့ ဒကစ စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
ဦးစိုင်းမောင်ကြည်ဟာ အုပ်ချုပ်ရေးမှူး (ဟောင်း)ဆိုပေမဲ့ စစ်ကောင်စီ၊ ရဲနဲ့ ပျူစောထီးတို့ ပူးပေါင်းကာ ကလေးမြို့မှာ လူငယ် လူလတ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးငွေညှစ်နေတာကြောင့် နာမည်ကြီးနေသူလည်း ဖြစ်ပါတယ်။
“သူကိုယ်တိုင် ဦးဆောင်ပြီး စစ်သား၊ ရဲ၊ ပျူစောထီးတွေနဲ့ စစ်မှုထမ်းဖို့ လူတွေဖမ်းတယ်။ ငွေတွေ ညှစ်တယ်။ ကလေးမှာဆို နာမည်ကြီးပါ။ သူ့မှာ သေနတ်လည်းရှိတယ်” လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။
ကလေးမြို့မှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ လူငယ် ဖမ်းဆီးမှု ဆက်လက် လုပ်ဆောင်နေသလို အခုရက်ပိုင်း ဖမ်းဆီးမှု ပိုဆိုးလာတာကြောင့် လမ်းသွားလမ်းလာ သတိထားဖို့ မြို့ခံတွေက သတိပေးထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။