ရွှေဖီမြေ၊ သြဂုတ် ၅ ရက်၊ နမ္မတူ
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့ ရပ်ကွက်(၂)ရှိ နေအိမ်တစ်လုံး ဖောက်ထွင်းခံရပြီး ကျပ်သိန်း ၄၀၀ ကျော် တန်ဖိုးရှိ ရွှေနဲ့ငွေသားတွေ ပါသွားတယ်လို့ အိမ်ရှင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ သြဂုတ် ၄ ရက် မနက်ပိုင်းမှာ အိမ်ရှင်က အလုပ်သွားနေချိန် ဖောက်ထွင်းခံရတာဖြစ်ပြီး ငွေ ၂၃ သိန်းနဲ့ ရွှေ ၄ ကျပ်သား (ခန့်မှန်းတန်ဖိုး သိန်း ၄၀၀ ဝန်းကျင်) ပါသွားတယ်လို့ ဆိုပါတယ်။
“အိမ်လာဖောက်တဲ့ကောင်က ရွှေတွေထားတဲ့အခန်းကိုပဲ တည့်တည့်လာဖောက်တာ။ ကျန်တဲ့နေရာတွေ မထိဘူး။ နားကပ်၊ ဆွဲကြိုးတွေ ပါသွားတယ်။ ပိုက်ဆံ ၂၃ သိန်းလည်း ပါသွားတယ်” လို့ အိမ်ရှင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
နေအိမ် ဖောက်ထွင်းတဲ့သူတွေကို PSLF/TNLA ရဲ့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
နမ္မတူမြို့မှာ ပြီးခဲ့တဲ့ လပိုင်းအတွင်း ဆိုင်ကယ် ခိုးယူခံရတာတွေ ရှိပေမဲ့ အခုလို နေအိမ် ဖောက်ထွင်းခံရတာဟာ တအာင်းတပ် ထိန်းချုပ်ပြီးနောက် ရှားပါးတဲ့ဖြစ်စဉ်ဖြစ်ပြီး ကျူးလွန်သူတွေကို အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့ လူထုတွေက လိုလားနေကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။