လက်ဖက်မြေ၊ မေလ ၂၉ ရက်၊ သီပေါ
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့မှာ ဒေသခံတွေရဲ့နေအိမ် ဖောက်ထွင်းခံရတဲ့အထိ သူခိုးတွေ သောင်းကျန်းနေတယ်လို့ သီပေါမြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
သီပေါမြို့က ရပ်ကွက်အများစုမှာ သူခိုးတွေက ညသန်းခေါင်ယံအချိန် အုပ်စုလိုက်ဖွဲ့ပြီး နေအိမ် ဖောက်ထွင်းကာ ခိုးယူတာတွေ မကြာခဏ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။
မြို့နေအမျိုးသမီးတစ်ဦးက “အခုက ဈေးဘက်မှာလည်း ဆိုင်ကယ်တွေ ပျောက်တာရှိတယ်။ သူခိုးအများစုက မူးယစ်ဆေးဝါး သုံးစွဲသူတွေဖြစ်ပြီး နေ့ခင်းဘက်မှာပါ လိုက်ခိုးနေကြတာလေ။ တချို့ညဆို နေအိမ်တွေကို ဖောက်ဝင်ပြီး ခိုးနေတာတွေလည်း ရှိနေတာ” လို့ ရွှေဖီမြေသို့ ပြောပါတယ်။
သီပေါမှာ အခုလို နေအိမ် ဖောက်ထွင်းခံရတာနဲ့ ဆိုင်ကယ် ခိုးခံရတာတွေ ဆက်တိုက် ဖြစ်ပွားနေတာကြောင့် ဒေသခံတွေက လုံခြုံရေးအတွက် စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ လားရှိုးမြို့မှာလည်း မူးယစ်ဆေးဝါး သုံးစွဲသူတွေ ပိုများလာသလို သူခိုးတွေလည်း သောင်းကျန်းနေပြီး ခိုးမှု၊ လုယက်မှု ဆက်တိုက် ဖြစ်ပေါ်နေပေမဲ့ စစ်ကောင်စီဘက်က ထိထိရောက်ရောက် အရေးယူနိုင်တာ မတွေ့ရဘူးလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။