ရွှေဖီမြေ၊ သြဂုတ် ၆ ရက်၊ သိန္နီ
ကိုးကန့်တပ်မတော် – MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ္မတူချောင်းဘေးရှိ လယ်ဧကဆယ်နဲ့ချီ ရေနစ်မြုပ်ကုန်တယ်လို့ သိန္နီမြို့ခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကုန်ကစပြီး သိန္နီမြို့အပါအဝင် ရှမ်းမြောက်မှာ မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး သိန္နီမြို့အနီးကို ဖြတ်သန်းစီးဆင်းတဲ့ နမ္မတူချောင်းရေ တက်လာကာ ချောင်းဘေးရှိ လယ်ယာစိုက်ခင်းတွေ ရေနစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။
သိန္နီမြို့ခံ အမျိုးသားတစ်ဦးက “သိန္နီတံတားနားက လယ်စိုက်ခင်းတွေ အကုန်မြုပ်တယ်။ ရေက လမ်းမပေါ်အထိတောင် တက်လာတယ်။ ဒီနှစ်က ပိုဆိုးတယ်။ အရင်နှစ်က အဲလောက်မဟုတ်ဘူး။ မြို့ထဲအထိတော့ ရေမရောက်သေးဘူး” လို့ ရွှေဖီမြေကို ပြောပါတယ်။
သိန္နီမြို့နယ်ရှိ နေရာအများစုမှာ ရေကြီးရေလျှံတာတွေ၊ မြေပြိုတာတွေ ဖြစ်ပွားနေတာကြောင့် အရေးပေါ်ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပြီး ဒီနေ့ သြဂုတ် ၆ ရက်အထိ လူထိခိုက်မှု မရှိသေးကြောင်း ကိုးကန့်တပ် – MNDAA က သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် ရေတိုက်စားမှုကြောင့် သိန္နီမြို့နယ် နမ့်ပန်ကျေးရွာကနေ ကျောက်မီးသွေးတွင်းသွားတဲ့ တံတား ရေတိုက်စားခံရလို့ ပျက်စီးခဲ့ပြီး ယာဉ်ကြီးတွေ ဖြတ်သန်းသွားလာလို့ မရသေးဘူးလို့ MNDAA က ဆိုပါတယ်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သိန္နီမြို့အပါအဝင် ရှမ်းမြောက် မူဆယ်၊ သီပေါမြို့နယ်တွေမှာလည်း ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ရှမ်းပြည်နယ်အပါအဝင် နိုင်ငံတဝန်းမှာ မိုးဆက်လက်ကြီးနိုင်တာကြောင့် မြစ်ချောင်းဘေးမှာ နေထိုင်သူတွေနဲ့ မြေပြိုဘေးအန္တရာယ်ရှိတဲ့ နေရာတွေမှာ နေထိုင်သူတွေ သတိထားကြဖို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ သြဂုတ် ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။