By မိုင်းအနိုင်၊ ရွှေဖီမြေ
တရုတ်နိုင်ငံသား လုပ်ငန်းရှင်ရဲ့ဘေးမှာ လက်နက်ကိုင်တပ်တစ်ခုခုက လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားပြီး လုံခြုံရေး ယူပေးကာ မြန်မာနိုင်ငံနေရာအနှံ့က တွင်းထွက်ပစ္စည်းနဲ့ သယံဇာတတွေကို လိုက်လံ ကြည့်ရှုနေကြတဲ့ ရုပ်သံဖိုင်တွေကို လူမှုကွန်ရက်မှာ မကြာခဏ တွေ့မြင်ရလေ့ ရှိတာကို သတိထားကြမိမှာ ဖြစ်ပါတယ်။
ဒီလိုအဖြစ်အပျက်ဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်နဲ့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တွေ ထိန်းချုပ်နယ်မြေတွေမှာ အများဆုံး တွေ့မြင်နေရတာပဲ ဖြစ်ပါတယ်။
အဲဒီရုပ်သံဖိုင်တွေဟာ ကျနော်တို့ မြန်မာနိုင်ငံမှာ အသုံးများကြတဲ့ လူမှုကွန်ရက်ဖြစ်တဲ့ Facebook ပေါ်မှာထက် တရုတ်နိုင်ငံမှာ အသုံးများကြတဲ့ လူမှုကွက်ရက်ဖြစ်တဲ့ WeChat၊ Douyin နဲ့ Weibo ပေါ်မှာ ပျံ့နှံ့နေပါတယ်။
ရုပ်သံဖိုင်တွေကိုကြည့်ရင် တရုတ်လုပ်ငန်းရှင်တစ်ဦးက မြန်မာနိုင်ငံထဲက သယံဇာတပစ္စည်းတစ်ခုခုအတွက် လာရောက်ရင်းနှီးမြုပ်နှံကြလိမ့်မယ်လို့ ယူဆစရာ ရှိပေမဲ့ ကိစ္စတွေဟာ ထင်သလောက် မရိုးရှင်းပါဘူး။
ဒီဆောင်းပါးမှာ နယ်မြေတည်ငြိမ်မှု မရှိတဲ့ နေရာဒေသတွေကို အခွင့်ကောင်းယူပြီး တရုတ်လုပ်ငန်းရှင် ယောင်ဆောင်ထားကာ ခြေလာရှုပ်ရတဲ့ အကြောင်းအရင်း ၂ ရပ်ကို အဓိကထား ဖော်ပြပေးသွားပါမယ်။
ကျားဖြန့် ငွေမဲ ဆေးခြင်း
၁ဝ၂၇ စစ်ဆင်ရေးအတွင်း ဇိမ်ခံအိမ် နန်းတော်ထဲကနေ နေ့ချင်းညချင်း ထောင်နန်း စံသွားရတဲ့ ကျားဖြန့်ဦးဆောင်သူ အများစု ရှိခဲ့ပေမဲ့ ကျားဖြန့်ကနေ ရရှိထားတဲ့ တရုတ်ငွေ ယွမ် သိန်းပေါင်းများစွာ လက်ဝယ်ပိုက်ထားပြီး လမ်းပျောက်နေကြဆဲ တရုတ်နိုင်ငံသားတွေ ပုံစံအမျိုးမျိုးနဲ့ အများစု ရှိနေဆဲ ဖြစ်ပါတယ်။
သူတို့တွေဟာ မြန်မာနိုင်ငံထဲမှာတော့ ငွေ ရှိနေပေမဲ့ တရုတ်ပြည်ထဲ အဲဒီငွေတွေ ယူသွင်းဖို့ အခက်အခဲ ကြုံတွေ့နေချိန် နယ်မြေတည်ငြိမ်မှုမရှိတဲ့ ဒေသတွေဟာ သူတို့အတွက် မျက်စိကျစရာ ဖြစ်လာပါတယ်။
ဒါကြောင့် သူတို့တွေဟာ တရုတ်နိုင်ငံထဲက သူဌေးတစ်ယောက်ကဲ့သို့ မြန်မာနိုင်ထဲ ဝင်ရောက်လာပြီး လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ဒေသထဲကို နည်းအမျိုးမျိုးနဲ့ ဝင်ရောက်လာပြီး ရင်းနှီးမြုပ်နှံလိုသယောင်နဲ့ ရောက်ရှိလာပါတယ်။
ဒါကြောင့် သယံဇာတ ထွက်ရှိတယ်လို့ သတင်းအနံံ့ ရရှိတဲ့ဒေသကို သွားရောက်ပြီး အဲဒီဒေသကို ထိန်းချုပ်တဲ့ လက်နက်ကိုင်တပ်တွေနဲ့ ရင်းနှီးမှု ရယူကာ လိမ်လည်ဖို့လမ်းကြောင်း စဖန်လာပါတယ်။
သူတို့အတွက် အလိုအပ်ဆုံးက ဒေသကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်တပ်တစ်ခုခုရဲ့ သယံဇာတလုပ်ပိုင်ခွင့် ခွင့်ပြုမိန့်လက်မှတ် ဖြစ်ပါတယ်။
အဲဒီဟာအတွက် ငွေဘယ်လောက် ကုန်ကျပါစေ အသုံးပြုပြီး သယံဇာတလုပ်ကွက်တစ်ခုခုကို ရရှိအောင် ဖန်တီးရယူထားပါတယ်။
တကယ့်လက်တွေ့မှာတော့ သူ့ကိုယ်သူ လုပ်ငန်းရှင်လို့ ယောင်ဆောင်ထားတဲ့ တရုတ်နိုင်ငံသားဟာ လုပ်ကွက်ထဲမှာ လုပ်ငန်းတစ်ခုမှ လုပ်ဆောင်ထားခြင်း မရှိဘဲ လက်နက်ကိုင်တပ်ရဲ့ ခွင့်ပြုမိန့်လက်မှတ်တွေနဲ့ ကျားဖြန့်ကနေ ရရှိထားတဲ့ငွေကို ငွေဖြူဖြစ်အောင် လုပ်ဆောင်ပါတယ်။
လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့ဒေသက သယံဇာတကနေ ရရှိလာတဲ့ ငွေတွေ ဖြစ်တဲ့အတွက် တရုတ်အစိုးရဘက်က ဒီငွေတွေဟာ ငွေမဲလား ငွေဖြူလားဆိုတာကို နောက်ခံသမိုင်းကြောင်း လိုက်လံ စီစစ်နိုင်ဖို့ အခက်အခဲ ဖြစ်စေပါတယ်။
တရုတ်လုပ်ငန်းရှင်တွေကို ဦးဆောင်ခေါ်ဆောင်လာဖူးသူတစ်ယောက်ရဲ့ ပြောဆိုချက်အရ လက်နက်ကိုင်တပ်တွေရဲ့ နယ်မြေထဲ ရင်းနှီးမြုပ်နှံဖို့ လာရောက်ကြတဲ့ တရုတ်နိုင်ငံသား အယောက် ၁ဝဝ ထဲမှာ ၅ ယောက်ကသာ အမှန်တကယ် ရင်းနှီးမြုပ်နှံလိုပြီး ၉၅ ယောက်ဟာ နည်းအမျိုးမျိုးနဲ့ ကြံဖန်လုပ်စားသူတွေသာ ဖြစ်တယ်လို့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။
ခေတ်သစ် ကျားဖြန့်လမ်းကြောင်း
ဒီကျားဖြန့်လမ်းကြောင်းဟာ ၁ဝ၂၇ စစ်ဆင်ရေးနောက်ပိုင်း အတွေ့များတဲ့ ကျားဖြန့်နည်းလမ်းသစ်တစ်မျိုးဖြစ်ပြီး လက်ရှိမှာလည်း ထင်သာမြင်သာ တွေ့နေရဆဲ ကျင့်သုံးနေကြဆဲ နည်းလမ်းတစ်မျိုး ဖြစ်ပါတယ်။
နည်းလမ်းကတော့ သူ့ကိုယ်သူ လုပ်ငန်းရှင်လို့ သတ်မှတ်ထားတဲ့ လုပ်ငန်းရှင်တစ်ဦးဦးဟာ လက်နက်ကိုင်တပ်တွေ ထိန်းချုပ်နယ်မြေထဲ နည်းလမ်းအမျိုးမျိုးနဲ့ ဝင်ရောက်လာပြီး လက်နက်ကိုင်တပ် ထိန်းချုပ်နယ်မြေထဲက ထွက်ရှိတဲ့ သယံဇာတတွေကို သုတေသန ပြုလုပ်ပါတယ်။
သုတေသန ပြုလုပ်ရာမှာ ဘယ်လက်နက်ကိုင်တပ် ထိန်းချုပ်နယ်မြေမှာ ဘယ်သယံဇာတ အမျိုးအစား ထွက်ရှိတာကို အသေးစိတ် လေ့လာမှတ်သားထားပြီး ကွင်းဆင်းသုတေသန လုပ်ချိန်မှာလည်း ဘေးမှာ ဒေသတွင်းရှိ လက်နက်ကိုင်တပ်တွေ လုံခြုံရေး ယူပေးထားတာကိုလည်း ရုပ်သံ၊ ဓာတ်ပုံတွေနဲ့ မှတ်တမ်း တင်ထားကြပါတယ်။
သဘာဝ သယံဇာတပစ္စည်းနဲ့ရင်းနှီးမြုပ်နှံမှု မူဝါဒ အခိုင်အမာ မရှိထားတဲ့ လက်နက်ကိုင်တပ်တွေဟာ တရုတ်လုပ်ငန်းရှင်လို့ သူတို့ကိုယ်သူတို့ သတ်မှတ်ထားသူတွေအတွက် အကောင်းဆုံး အသုံးချစရာနေရာတစ်ခု ဖြစ်လာပါတယ်။
တရုတ်နိုင်ငံထဲ သယံဇာတပစ္စည်း ထုတ်လုပ်ခွင့်ကို တင်းကြပ်ထားပြီး ကျောက်မီးသွေး၊ ရွှေ၊ ကြေးနီ ထုတ်လုပ်ခွင့်လိုင်စင်ကို ရရှိဖို့ ခက်ခဲသလို ရှားပါးမြေဒြပ်စင်လို မဟာဗျူဟာအရေးကြီးတဲ့ သယံဇာတတွေကို အစိုးရကသာ ထိန်းချုပ်ထားပါတယ်။
ဒါကြောင့် တရုတ်မှာ ရင်းနှီးမြုပ်နှံဖို့ ခက်ခဲကြတဲ့ ရင်နှီးမြုပ်နှံလိုသူတွေဟာ ရလွယ်တဲ့ တရုတ်-မြန်မာနယ်စပ်ကို အာရုံစိုက်လာပါတယ်။
ဒါကြောင့် အဲဒီရင်းနှီးမြုပ်နှံလိုသူတွေ အဓိက ပစ်မှတ်ထားပြီး သုတေသန ပြုလုပ်ကာ လုပ်ငန်းရှင် ဟန်ဆောင်ထားသူတွေဟာ ရင်းနှီးမြုပ်နှံဖို့ စတင်ဖိတ်ခေါ်ပါတယ်။
တရုတ်ပြည်ထဲရှိ လုပ်ငန်းရှင်တွေကို ယုံကြည်အောင်လည်း အဲဒီဒေသရှိ လက်နက်ကိုင်တပ်တွေ ထုတ်ပေးတဲ့ ခွင့်ပြုမိန့်၊ လုပ်ပိုင်ခွင့်စာတမ်းနဲ့ လက်နက်ကိုင်တပ်ရဲ့ သက်ဆိုင်ရာလူကြီးနဲ့ ရိုက်ကူးထားတဲ့ မှတ်တမ်းတွေကိုလည်း တရုတ်မှာ အသုံးများတဲ့ လူမှုကွန်ရက်ပေါ်မှာ တင်ပြီး လုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြုပ်နှံမှုကို စတင်လက်ခံပါတယ်။
ရင်းနှီးမြုပ်နှံမှုအများစု လက်ခံရယူပြီးနောက်ပိုင်း နယ်မြေတည်ငြိမ်မှု မရှိခြင်း၊ လက်နက်ကိုင်တွေရဲ့ လုပ်ငန်းလိုင်စင်ကို ပိတ်သိမ်းတာကို ခံရခြင်း စတာတွေကို အကြောင်းအမျိုးမျိုးပြပြီး လုပ်ငန်းတွေ လုပ်ဆောင်ခြင်းမရှိဘဲ ငွေတွေကို လိမ်လည်ရယူတာတွေ ပြုလုပ်လာပါတယ်။
တချို့ဒေသမှာတော့ ရင်းနှီးမြုပ်နှံလိုသူတွေကို ဖိတ်ခေါ်ဖို့အတွက် လုပ်ငန်းကို ဗန်းပြသာ လုပ်ထားကြတာမျိုးလည်း အများစု ရှိနေပါတယ်။
ဒီလိမ်လည်နည်းကို တရုတ်မှာတော့ အခေါ်အဝေါ်အမျိုးမျိုးရှိပြီး စစ်တပ် အာဏာမသိမ်းခင်ကတည်းက ရှိခဲ့တဲ့ လိမ်လည်နည်းတစ်ခု ဖြစ်ပေမဲ့ ၁ဝ၂၇ စစ်ဆင်ရေးနောက်ပိုင်း တွင်ကျယ်လာတဲ့ ကျားဖြန့်လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
သယံဇာတနဲ့ရင်းနှီးမြုပ်နှံမှုဥပဒေ အခိုင်အမာ မရှိထားကြတဲ့ ဒေသတွေမှာ ခေတ်သစ် ကျားဖြန့် လိမ်လည်နည်းဟာ ဆက်လက် ကြီးထွားနေအုံးမှာဖြစ်ကြောင်း…။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။