အလင်း၊ ဇူလိုင်လ ၇ ရက်၊ တမူး
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ တမူး-ကလေး လမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ အိန္ဒိယဘက်ခြမ်း ကျပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တမူး-ကလေး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် (၅) လုံးခန့်ဟာ အိန္ဒိယနိုင်ငံပိုင် Jangnomphai ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
“အိန္ဒိယဘက် ကျပေါက်ကွဲတာ လက်နက်ကြီးကျည် ၅ လုံးလောက်ရှိတယ်။ လူထိခိုက်မှုတော့ မရှိဘူး။ ဒါပေမဲ့ နယ်စပ်မှာ အိန္ဒိယက လုံခြုံရေးတင်းကျပ်ထားတယ်။”လို့ အိန္ဒိယ-မြန်မာနယ်စပ် စစ်ဘေးရှောင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
နယ်စပ်လုံခြုံရေး တာဝန်ယူထားတဲ့ အိန္ဒိယတပ်ဖွဲ့ဝင်တွေကလည်း ၎င်းတို့နယ်မြေအတွင်း ကျရောက်လာတဲ့ လက်နက်ကြီးကျည်တွေနဲ့ ပတ်သက်၍ ချက်ချင်းလက်ငင်း ပြန်လည်တုံ့ပြန်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
“လက်နက်ကြီးကျည်တွေ ကျကျချင်း အိန္ဒိယဘက်ကလည်း မြန်မာဘက်ခြမ်းကို လက်နက်ကြီး၊ လက်နက်ကျည်တွေနဲ့ မရပ်မနား ပြန်လည်တုံ့ပြန် ပစ်ခတ်ခဲ့တာ တွေ့ရတယ်။”လို့ အထက်ပါ အိန္ဒိယ-မြန်မာနယ်စပ် စစ်ဘေးရှောင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အိန္ဒိယတပ်ဖွဲ့ရဲ့ ပြန်လည်တုံ့ပြန်မှုကြောင့် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီပစ်ခတ်မှုအပြီးမှာ အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်မှာ အိန္ဒိယဘက်က လုံခြုံရေးတိုးမြှင့်ထားပြီး တင်းကျပ်ထားတာကြောင့် စစ်ဘေးရှောင်တွေ အခက်တွေ့နေရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။