ရွှေဖီမြေ၊ ဇူလိုင် ၅ ရက်၊ ရေကြည်
ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအစပ်မှာရှိတဲ့ ရေကြည်မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ တပ်စခန်း ၂ ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်ပါတယ်။
ရခိုင်-ဧရာဝတီအစပ်မှာ စစ်ကောင်စီနဲ့ AA အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နဲ့ ၃ ရက်မှာ ရေကြည်မြို့နယ်ရှိ စစ်ကောင်စီရဲ့ (၂၂၇) ပွိုင့်ကုန်းရှိ ကာကင်းစခန်း ၂ ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဘက်က ၎င်းတို့ လက်လွှတ်ထားရတဲ့ နေရာတွေကို အင်အားအများအပြား အသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ ရခိုင်ပြည်နယ်က တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ထဲက မြို့ပေါင်း ၁၄ ခုကို ထိန်းချုပ်ထားပြီး စစ်ကောင်စီရဲ့ ထိုးစစ်ကိုလည်း ခုခံတိုက်ခိုက်နေကာ ရခိုင်နဲ့ ဧရာဝတီအစပ်မှာရှိတဲ့ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။