မိုင်းရူပ၊ ဧပြီ ၈ ရက်၊ မူဆယ်
ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ အလုပ်ရမယ်ဆိုပြီး ပွဲစားကနေတဆင့် လာရောက်အလုပ်လုပ်ကိုင်သူတွေ မကြာခဏ လိမ်လည်ခံနေရပြီး သတိထားကြဖို့ တိုက်တွန်းလိုကြောင်း လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
ပွဲစားတွေဟာ အမျိုးသမီးတွေကို ပစ်မှတ်ထား လိမ်လည်နေပြီး အလုပ်ရမယ်လို့ဆိုကာ မူဆယ်ဘက် ရောက်လာချိန် လိင်လုပ်သားအဖြစ် အတင်းအဓမ္မ လုပ်ခိုင်းတာ ရှိသလို တရုတ်နိုင်ငံဘက် ပို့ဆောင်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ပွဲစားကနေတဆင့် အလုပ်ရမယ်ဆိုပြီး လာရောက်သူတွေထဲ အကြောင်းအမျိုးမျိုးကြောင့် လူမှုကူညီရေးအသင်းတွေထံ အကူအညီ တောင်းခံသူ လစဉ် ၁၀ ဦးထက်မနည်း ရှိတယ်လို့ မူဆယ်အခြေစိုက် လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ပွဲစားတွေက အပြောကောင်းတော့ လိုက်လာကြတာပေါ့။ မူဆယ်မြို့မှာ အလုပ်ရမယ်ဆိုပြီး ခေါ်လာတယ်။ ဒီမှာရောက်တော့ အလုပ်မရဘဲ တရုတ်ပြည်ဘက် ပို့ခံရတဲ့သူတွေလည်း ရှိတယ်။ ခေါ်လာတုန်းကတော့ အလုပ်သန့်ပေါ့။ ကျနော်တို့ဆီမှာ အကူအညီ လာတောင်းတာ ခဏခဏပါပဲ”
ပွဲစားကနေတဆင့် အလုပ်ရမယ်ဆိုပြီး လိမ်လည်ခံရသူတွေထဲ အမျိုးသမီး အများဆုံးဖြစ်ပြီး မြန်မာပြည်အောက်ပိုင်း စစ်ကိုင်း၊ ဧရာဝတီတိုင်းက လူငယ်တွေ အများဆုံး တွေ့ရတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
မူဆယ်မြို့မှာ အလုပ်ရမယ်ဆိုပြီး လိမ်လည်ခံရမှုတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် လူငယ်တွေအနေနဲ့ အလွယ်တကူ မယုံကြဖို့ တိုက်တွန်းလိုတယ်လို့ နောက်ထပ် လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“အသက် ၁၇၊ ၁၈ အရွယ် အမျိုးသမီးငယ်လေးတွေ မူဆယ်မှာ တကယ်တော့ အလုပ်သွားမလုပ်သင့်ဘူး။ လိမ်ခံရလို့ ကျနော်တို့ဆီမှာ လာအကူအညီတောင်းတာ မနည်းပါဘူး”
ဒါ့အပြင် မြန်မာပြည်အောက်ပိုင်းက တိုက်ပွဲတွေကြောင့် ဒေသခံတွေ စစ်ရှောင်အဖြစ် ထွက်ပြေးတိမ်းရှောင်ရာကနေ မူဆယ်မှာ အလုပ်ရမယ်ဆိုပြီး အသက်စွန့်ကာ ရောက်လာသူတွေ အများစု တွေ့ရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။