ရွှေဖီမြေ၊ ဧပြီ ၈ ရက်
တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်ထဲ သက်ငယ်မုဒိန်း ကျူးလွန်တဲ့ အမျိုးသားတစ်ဦးကို တအာင်းတပ်ရဲ့ တရားစီရင်ရေးဌာနက ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တယ်လို့ TNLA က ဒီနေ့ ဧပြီ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၆ ရက် မနက် ၂ နာရီခွဲမှာ အသက် ၂၄ နှစ်အရွယ် မိုင်းကျော်ဌေးဆိုသူဟာ သူငယ်ချင်းရဲ့နေအိမ်မှာ အရက်သေစာ သောက်စားထားပြီးနောက် အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အတင်းအဓမ္မ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိသားစုဝင်က တိုင်ကြားခဲ့ပြီးနောက် နမ့်ဆန်မြို့နယ် တအာင်းရဲတပ်ဖွဲ့ကန ိုဝင်ဘာ ၁၆ ရက်မှာ ပြစ်မှုကျူးလွန်သူကို ချက်ချင်း ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။
PSLF/TNLA ရဲ့ တရားစီရင်ရေးဌာနက ၂၀၂၆ ခုနှစ် မတ်လ ၂၇ ရက်မှာတစ်ကြိမ်၊ မတ်လ ၃၀ ရက်မှာတစ်ကြိမ်နဲ့ ဧပြီ ၃ ရက်မှာတစ်ကြိမ် ရုံးချိန်း စစ်ဆေးခဲ့ပြီး ပြစ်မှု ထင်ရှားကြောင်း အတည်ပြုခဲ့ပြီးနောက် ပြစ်မှုကျူးလွန်သူကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ (၃၇၆)အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်အပြင် ငွေဒဏ်လည်း ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကလေးသူငယ်တွေအပေါ် အကြမ်းဖက်မှုကို တားဆီးနိုင်ဖို့ လူထုအားလုံးရဲ့ ပူးပေါင်းပါဝင်မှု အရေးကြီးတာကြောင့် သံသယရှိရင် တရားဥပဒေစိုးမိုးရေးဌာနကို ချက်ချင်းအသိပေးတိုင်ကြားဖို့ တိုက်တွန်းထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။