လွေးဇွန်မိုး၊ မတ်လ ၂၃ ရက်၊ နောင်ချို
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် နောင်တောကျေးရွာက အမျိုးသားတစ်ဦး မိုင်း ထပ်နင်းမိပြီး ခြေတစ်ဖက် ဖြတ်လိုက်ရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၁ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ နောင်တောရွာက အသက် ၅၇ နှစ်အရွယ် ဦးတင်လှိုင်ဆိုသူက တောင်းခမ်းဘက်မှာ ကြံ သွားတင်ရင်း မိုင်း နင်းမိခဲ့တယ်လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
၎င်းက “အဲမှာ ကြံ သွားတင်ရင်းနဲ့ ထိတာဗျ။ တစ်ယောက်တည်း သွားတာတော့ မဟုတ်ဘူး။ သူငယ်ချင်းတွေနဲ့ သွားကြတာ။ (တခြားသူတွေ)ထိခိုက်ဒဏ်ရာ ရတာတော့ မရှိဘူး။ သူတစ်ယောက်တည်း ထိတာ။ သူက ကားနံဘေးကနေသွားတာ။ တစ်ခြားသူတွေက ကားပေါ်မှာဆိုတော့ မထိလိုက်ဘူး” လို့ ဆိုပါတယ်။
အဆိုပါမိုင်းကြောင့် ဦးတင်လှိုင်ရဲ့ ညာဘက်ခြေထောက် ပြတ်ထွက်သွားပြီး လက်ရှိမှာတော့ ပြင်ဦးလွင် ပြည်သူ့ဆေးရုံမှာ ကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဆေးကုသစရိတ်အတွက်လည်း ငွေကြေးအကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ မတ်လ ၉ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာလည်း နောင်လိပ်ရွာက အသက် ၅၅ နှစ်အရွယ် ဦးသာနီဆိုသူဟာ နောင်လိပ်ရွာနဲ့ ၃ မိုင်ခန့်အကွာရှိ တောထဲတစ်နေရာမှာ ထင်းခုတ်နေရင်း မြေမြှုပ်မိုင်း နင်းမိခဲ့ပြီး ဘယ်ဖက်ခြေထောက် ဖြတ်လိုက်ရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ကလည်း နောင်ချိုမြို့နယ် ညဏ်တောကျေးရွာအုပ်စု နောင်လင်ရွာက အမျိုးသားတစ်ဦး အိမ်ခြံရှင်းရင်း မိုင်းနင်းမိခဲ့ပြီး ဒဏ်ရာ ရခဲ့ပါတယ်။
တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တဲ့ နောင်ချိုမှာ မြေမြှုပ်မိုင်း နင်းမိတာတွေ မကြာခဏ ကြုံနေကြပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက် မနက် ၈ နာရီခွဲမှာလည်း တောင်ရှည်ကျေးရွာအုပ်စု တောင်ရှည်ရွာမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ၎င်းတို့ရဲ့ နေအိမ်ခြံဝန်းထဲ မြေမြှုပ်မိုင်း နင်းမိခဲ့ပြီး ခြေထောက်နှစ်ဖက်စလုံး ပြတ်သွားခဲ့တယ်လို့ သိရပါတယ်။
ရွှေဖီမြေက ပြုစုထားတဲ့ စာရင်းအရ ရှမ်းမြောက်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ကလေး ၂ ဦးအပါအဝင် ၉ ဦး သေဆုံးခဲ့ပြီး ကလေး ၆ ဦးအပါအဝင် ၂၇ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။