ရွှေဖီမြေ၊ ဩဂုတ် ၂၆ ရက်
ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်ထားတဲ့ မြိတ် – ထားဝယ်ခရိုင် ကစယ်ဒိုမြို့နယ်အတွင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှု ဆက်တိုက်ကျူးလွန်နေကြောင်း KNU က ထုတ်ပြန်လာပါတယ်။
ကစယ်ဒိုမြို့နယ် တောင်ဇင်းကျေးရွာအုပ်စုအတွင်းရှိ ရှင်မုတ္ထီး၊ ရောင်းမော်ရွာ၊ ဆေးဖြတ်ကုန်းရွာ၊ ကင်းရှေ့ရွာ၊ မိုးရွှေကုန်းရွာ၊ စော်ဖျားရွာ၊ ကျောက်လှေကားရွာ၊ ကထီးဝရွာ၊ ထီးဖဒိုရွာ၊ လော်မူဖရွာတို့ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဩဂုတ် (၁၀)ရက် ကနေ (၂၀)ရက်အထိ စစ်ကြောင်းထိုးလာခဲ့ပြီး ဒေသခံတွေကို ရန်သူသဖွယ် ပစ်မှတ်ထားတိုက်ခိုက်တာတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်တိုက်ကျူးလွန်ခဲ့တာပဲ ဖြစ်ပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းဟာ ထီးဖဒိုရွာအတွင်းရှိ ပြည်သူပိုင် ၃တန်ရှိ (၆)ဘီး ကျောက်တင်ကား (၁)စီး၊ (၄)ဘီးကား (၁)စီး၊ ထွန်လာဂျီ (၂)စီး၊ ဆိုင်ကယ် အစီး (၃၀)ကို ယူဆောင်သွားတဲ့အပြင် ကထီးဝကျေးရွာနဲ့ လှေကားကျေးရွာက နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဒါ့အပြင် ကျောက်လှေကားကျေးရွာကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်းရှိ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးခဲ့တဲ့အပြင် ဒေသခံ ၁၀ ဦးလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ လမ်းပြအဖြစ် စေခိုင်းပြီး ၎င်းတို့ရဲ့ ခိုင်းစေမှုတွေအပေါ် စိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်နိုင်ခြင်း မရှိတာကြောင့် ရိုက်နှက်ညှင်းပန်းမှုတွေကိုလည်း ကျူးလွန်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။