ရွှေဖီမြေ၊ ဩဂုတ် ၂၂ ရက်၊ ကျိုက်ထို
ကရင်အမျိုးသားအစည်းအရုံး KNU/KNLA ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ကျိုက်ထိုမြို့နယ် ဒူးသထူ(သထုံ)ခရိုင်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက် မနက် ၁၁ နာရီမှာ ကျိုက်ထိုမြို့နယ် ဇီးပြောင်းရွာရှိ ဘောလုံးကွင်းအနီးနဲ့ ကျေးရွာတောင်ဘက်ကို ၁၂၂ မမ လက်နက်ကြီး ကျည် ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်အရွယ်ရှိတဲ့ ချစ်လင်းအောင်ဆိုသူဟာ ထိမှန်သေဆုံးခဲ့တာဖြစ်ပါတယ်။
အသက် ၁၀ နှစ်အရွယ်ရှိတဲ့ ဇင်ဖြိုးပိုင်၊ အသက် ၁၆ နှစ်ရှိတဲ့ စောခွန်ဆန်း၊ အသက် ၁၇ နှစ်ရှိတဲ့ ရှိုင်းလင်းထက်နဲ့ မင်းသက်ပိုင်၊ အသက် ၁၈ နှစ်ရှိတဲ့ သူရိန်ထွန်း၊ အသက် ၁၉ နှစ်ရှိတဲ့ နေလင်းအောင်နဲ့ ဘိုအာကာ၊ အသက် ၃၀ နှစ်ရှိတဲ့ မနှင်းယုထွေးနဲ့ သန့်ဇင်ဦး၊ အသက် ၃၆ နှစ်ရှိတဲ့ ထွန်းလင်းဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ် ၁၇ ရက်ကလည်း လယ်ဒိုမြို့နယ် နတ်သံကွင်းကနေ သောင်ပုကျေးရွာအတွင်းကို စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးတစ်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး ၁ ဦး သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့ကနေ ဇူလိုင်လ ၃၁ ရက်နေ့အထိ ၄ လတာကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၂၂၈ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၁၂၉ ကြိမ်၊ ဒရုန်းဖြင့် တိုက်ခိုက်မှု ၁၀၃ ကြိမ်၊ မီးရှို့ဖျက်ဆီးမှု ၁၂ ကြိမ်နှင့် အခြားလူ့အခွင့်အရေး ချိုးဖောက်မှု ၁၇ ကြိမ်အထိ ကျူးလွန်ခဲ့ကြောင်း KNU ရဲ့လူ့အခွင့်အရေးကော်မတီနဲ့ သုတေသနလုပ်ငန်းကော်မတီက ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။