မိုင်းပန်ပျော်၊ ဩဂုတ် ၂၁ ရက်၊ ကွတ်ခိုင်
ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မန်နောင်ကျေးရွာက အမျိုးသားတစ်ဦးဟာ နမ့်ပါချီးရွာဘက် အလည်သွားရာကနေ ပျောက်ဆုံးနေပြီး လက်ရှိအချိန်ထိလည်း အဆက်အသွယ် မရသေးပဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မန်နောင်ရွာက ဦးအိုက်ချွေ့ဘမ်ဆိုသူ အမျိုးသားဟာ ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက် ည ၇ နာရီဝန်းကျင်မှာ နမ့်ပါချီးရွာဘက် သွားရာကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ၈ ရက်ခန့် ကြာနေပြီဖြစ်ကြောင်း မန်နောင်ရွာခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဥပုသ်ကျော် ၁ ရက်ကတည်းက သူနမ့်ပါချီး သွားရင်းနဲ့ ပျောက်သွားတာ။ အခုဆို ၈ ရက်တောင် ရှိသွားပြီ။ အဆက်အသွယ် မရဘဲ ပျောက်သွားတာ” လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
ဦးအိုက်ချွေ့ဘမ် ပျောက်ဆုံးပြီးနောက် MNDAA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားတယ်ဆိုတဲ့သတင်း ကြားနေရပြီး MNDAA ရဲ့ ဌာနဆိုင်ရာရုံးတွေထံ လိုက်လံ စုံစမ်းမေးမြန်းကြည့်ရာ မတွေ့ရှိခဲ့ကြောင်း ပြောဆိုခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
“ကိုးကန့်တွေက မူးယစ်ဆေးဝါး ဖမ်းရင်း မိသွားတယ်လို့ သတင်းကြားတယ်။ ဘာကြောင့်ဖြစ်ဖြစ် သူဖမ်းခံရရင် ဖမ်းခံရတဲ့အကြောင်း သိဖို့လိုတယ်လေ။ အခုက ရုံးတိုင်းမှာ သွားရှာတာ ဘယ်မှာမှ မရှိဘူး။ ကိုးကန့်တပ်ထဲ စစ်မှုထမ်းရမှာကိုပဲ စိုးရိမ်တယ်”
ဦးအိုက်ချွေ့ဘမ်ဟာ မန်နောင်ရွာရဲ့ ကျေးရွာလက်ထောက်သူကြီးဟောင်းတစ်ဦး ဖြစ်ခဲ့ဖူးတယ်လို့ သိရပါတယ်။
အခုလို အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေတဲ့အတွက် ဦးအိုက်ချွေ့ဘမ်ကို MNDAA ရဲ့ တပ်သားသစ် စုဆောင်းမှုထဲ ပါသွားမှာကို မိသားစုဝင်နဲ့ ရွာခံတွေက စိုးရိမ်နေကြပါတယ်။
ကွတ်ခိုင်မြို့ကို ပြီးခဲ့တဲ့ မတ်လအတွင်း MNDAA က မဟာမိတ်တပ်ဖြစ်တဲ့ တအာင်းတပ်မတော်-TNLA ဆီကနေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် တပ်သားသစ် စုဆောင်းမှုတွေ လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။