ရွှေဖီမြေ၊ သြဂုတ် ၄ ရက်၊ မိုင်းလား
အမျိုးသားဒီမိုကရေတစ် မဟာမိတ်တပ်မတော်ခေါ် မိုင်းလားတပ်မတော်- NDAA ထိန်းချုပ်ထားတဲ့ ရှမ်းအရှေ့ မိုင်းလားမြို့ကနေ တရုတ်နိုင်ငံ ကျင်ဟုန်မြို့ထဲ တရားမဝင် ဝင်ရောက် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ ဆက်တိုက် ဖမ်းဆီးခံနေရတယ်လို့ အလုပ်သမားတွေကို ကူညီပေးသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်ကစပြီး ကျင်ဟုန်မြို့ထဲ တရားမဝင် ဝင်ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ရဲက ဆက်တိုက် ဖမ်းဆီးခဲ့ပြီး ဒီနေ့ သြဂုတ် ၄ ရက်အထိ မိုင်းလားတပ်ဘက် တရုတ်နိုင်ငံက ၃ ထောင်ကျော် လွှဲပြောင်းပေးခဲ့ပြီလို့ ဆိုပါတယ်။
အလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “ဒီနောက်ပိုင်း တစ်ရက်ကို ၁၀၀ ကျော်လောက် ပြန်ပို့တယ်။ အခုက ပြန်ပို့ပြီးတာ သုံးထောင်ကျော်ရှိပြီ။ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်သွားတဲ့သူလည်း တစ်ထောင်ကျော် ရှိတယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။
လက်ရှိ ကျင်ဟုန်မြို့ထဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇ ထောင်ကျော်ရှိပြီး တရုတ်ဘက်က ၎င်းတို့လုပ်ငန်းတွေမှာ အလုပ်သမား မရှိမှာကို စိုးရိမ်တာကြောင့် အလုပ်သမားတချို့ကတော့ ဆက်လက်လုပ်ကိုင်ခွင့် ရကြတယ်လို့ ၎င်းက ဆက်ပြောပြပါတယ်။
ကျင်ဟုန်မြို့မှာ မြန်မာနိုင်ငံသားအချင်းချင်း ရန်ဖြစ်တာ၊ လူသတ်မှုဖြစ်တာ၊ မူးပြီး ရမ်းကားတာတွေ များလာတာကြောင့် တရုတ်နိုင်ငံဘက်က တင်းကြပ်မှုလာပြီး ဖမ်းဆီးတာတွေ ပြုလုပ်လာတာလို့ အလုပ်သမားတွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
တစ်ဖက်မှာလည်း တရုတ်ဘက်က မိုင်းလားတပ်ထံ လွှဲပြောင်းပေးခံရသူတွေကို စစ်ကောင်စီတပ်ထဲ စစ်မှုထမ်းဖို့ လွှဲပြောင်းပေးနေတယ်လို့ ကျင်ဟုန်မြို့မှာ အလုပ်လုပ်နေသူတွေက ပြောဆိုကြပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရှားပါးမှုနဲ့ စစ်တပ်ရဲ့ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းတာတွေကြောင့် လူငယ်အများစုဟာ ပြည်ပနိုင်ငံတွေဘက် အန္တရာယ်ကြား သွားရောက်လုပ်ကိုင်နေကြရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။