မြတ်နိုး၊ စက်တင်ဘာ ၂ ရက်၊ ရွှေကူ
ရွှေကူကနေ ဗန်းမော်ဘက် ဆန်တက်လာတဲ့ စစ်သင်္ဘော ၃ စင်းဟာ ဒီနေ့ စက်တင်ဘာလ ၂ ရက် မနက်ပိုင်းမှာ ထပ်မံပစ်ခတ် တိုက်ခိုက်ခံရကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
“ရွှေကူမှာ ရောက်နေတဲ့ စစ်သင်္ဘောအုပ်စု ဒီကနေ့ စက်တင်ဘာလ ၂ ရက်နေ့ မနက် ၆ နာရီ ခန့်ကစ ဗန်းမော်ဘက် ဦးတည်ပြီး ဆန်တက်လာချိန် ဇင်းဘုံအနီးဝန်းကျင် KIA တပ်မဟာ ၁၁ နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ စစ်သင်္ဘော အသေး ၂ စီး၊ အကြီး ၁ စီး ပစ်ခတ် ဖျက်ဆီးလိုက်နိုင်တယ်။ ကျန်တဲ့ သင်္ဘောတွေကတော့ ဗန်းမော်ဘက် ဆက်လက် ဆန်တက်သွားပြီ” လို့ ရှေ့တန်း သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
ပစ်ခတ်ခံရပြီး ထိခိုက်သွားတဲ့ သင်္ဘောတွေထဲက ထိခိုက်သွားသူတွေနဲ့ ရေထဲကျသွားတဲ့ စစ်သည် အင်အား ၂၀၀ ခန့်ရှိနိုင်တယ်လို့ သူက ခန့်မှန်းပြောဆိုပါတယ်။
စစ်ကောင်စီတပ်တွေ ထိခိုက်မှုများတာကြောင့် ဒီမနက် ၉ နာရီအထိ မန္တလေးတံတားဦးကနေ ဗုံးကြဲလေယာဉ် ၉ စီးနဲ့ တက်လာပြီး ဗုံးကြဲတိုက်ခိုက်နေပြီး ကြည်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတွေနဲ့ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ရှေ့တန်းနဲ့ နီးစပ်တဲ့ နောက်ထပ်အမျိုးသမီးတစ်ဦးကလည်း “သင်္ဘောအသေး ၂ စီးနဲ့ အကြီးတစ်စီး။ သင်္ဘောတတစ်စီးက ရေထဲမြုပ်သွားတာ။ တစ်စီးက ရေထဲမြုပ်လုဆဲဆဲ။ လူ တစ်ယောက်မှ မလွတ်ဘူးလို့ ပြောတယ်” လို့ ပြောပါတယ်။

မန္တလေးကနေ ရွှေကူ၊ ဗန်းမော်ဘက် ဆန်တက်လာတဲ့ သင်္ဘော အကြီးအသေး ၁၅ စီး အုပ်စုထဲမှာ ကျည်မထိတဲ့ သင်္ဘော မရှိတော့ပဲ အကုန် လုံးကျည်ရာတွေနဲ့ကြီး ဖြစ်ကုန်ပြီလို့ သူက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီ တပ်သားတွေက လတ်တလောမှ စစ်မှုထမ်းနဲ့ ဝင်လာတဲ့လူတွေ များတာတွေ့ရပြီး သုံ့ပန်းဖမ်းဆီးရမိထားတာ ရှိသလို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အုပ်စုတွေ ကွဲနေကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ စခန်းကို ပြန်လည်ရယူနိုင်ဖို့ ကြည်း၊ ရေ၊ လေ တွေနဲ့ ပြင်းပြင်းထန်ထန် စစ်ကြောင်းထိုးတိုက်ခိုက်နေပြီး ပြီးခဲ့တဲ့ ရက်တွေမှာ တရက်ကို ဗုံးကြဲလေယာဉ် အစီး ၂၀ ကျော်ခန့်နဲ့ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတာလို့ ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။