ရွှေဖီမြေ၊ စက်တင်ဘာ ၁ ရက်၊ သီပေါ
လုံခြုံရေးအကြောင်းပြပြီး စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအမိန့်နဲ့ ပိတ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့နယ်ထဲက စာသင်ကျောင်း ၁၇ ခုကို ပြန်ဖွင့်လိုက်ပြီလို့ သိရပါတယ်။
ပိတ်ထားရတဲ့ စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနနဲ့ စစ်ကောင်စီတပ်တို့အကြား ပြန်လည်ဆွေးနွေးပြီးနောက် ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်မှာ စာသင်ကျောင်းတွေကို ပြန်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။
ပြန်ဖွင့်တဲ့ စာသင်ကျောင်းတွေထဲမှာ အထက်တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်း ၁ ကျောင်း၊ မူလွန် ၄ ကျောင်းနဲ့ မူလတန်း ၉ ကျောင်း ပါဝင်ပြီး ကျောင်းသား၊ ကျောင်းသူ ၁,၀၀၀ ကျော် တက်ရောက်နေပါတယ်။
စစ်ကောင်စီတပ်ဖွင့်လှစ်တဲ့ စာသင်ကျောင်းတွေမှာ ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ နယ်မြေထဲက ကျောင်းတွေပါဝင်ပြီး ကိုးကန့်တပ်ဘက်ကလည်း အဲဒီစာသင်ကျောင်းတွေ ဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့ MNDAA နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ကျမတို့ဘက်ကလည်း ပိတ်ထားတဲ့ ကျောင်း ၉ ကျောင်း ပြန်ဖွင့်ဖို့ ညှိနှိုင်းနေတယ်။ အခု သူတို့ ကျောင်းဖွင့်ပွဲလုပ်တဲ့ ဆောင်းကြဲမှာ ကျမတို့ ဖွင့်မယ့် ကျောင်းပါနေတယ်” လို့ ဆိုပါတယ်။
MNDAA ဘက်က အမက (ဆွတ်လန်း)၊ အမက (မြို့ဟောင်း)၊ အမက (နမ့်ပျဉ်)၊ အမက (ကောင်းလန်း)၊ အမက (နားညု)၊ အလက (ပန်ညု)၊ အထက (ဆောင်းကြဲ) စတဲ့ အခြေခံပညာကျောင်း ၇ ကျောင်းကို ထပ်မံဖွင့်လှစ်မယ်လို့ မနေ့ သြဂုတ် ၃၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
သီပေါမြို့ထဲက စာသင်ကျောင်း ၁၇ ခုကို ပြီးခဲ့တဲ့ သြဂုတ် ဒုတိယအပတ်မှာ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်စိုးက လုံခြုံရေးအကြောင်းပြပြီး ပိတ်ထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က တအာင်းတပ်မတော်- TNLA ထံ သီပေါမြို့ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလထဲမှာ ပြန်ထိန်းချုပ်နိုင်ခဲ့ပေမဲ့ မြို့ပြင်နေရာတွေကိုတော့ MNDAA နဲ့ TNLA က ထိန်းချုပ်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။