မြတ်နိုး၊ စက်တင်ဘာ ၁၂ ရက်၊ ဗန်းမော်
ကချင်ပြည်နယ် ဗန်းမော်ဘက် လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ စစ်သည်အင်အား တင်ဆောင်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုထဲက KIA ပူးပေါင်းတပ်ဖွဲ့ ဖမ်းမိထားတဲ့ စစ်တပ်ရဲ့ ဗန်းမော်စစ်ကူ စစ်သုံ့ပန်းတွေထဲ အရာရှိအဆင့် ၄၀ ကျော် ပါဝင်ကြောင်း KIA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၂ ရက်မှာ ရွှေကူကနေ ဗန်းမော်ဘက် သင်္ဘောနဲ့ ဆန်တက်လာတဲ့ စစ်တပ်ကို စင်းခန်းတံတားအောက်မှာ KIA ပူးပေါင်းတပ်ဖွဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်းနဲ့ သင်္ဘောပေါ် လိုက်ပါလာသူ စုစုပေါင်း ၁၅၁ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
“ဖမ်းမိထားတဲ့အထဲ အရာရှိတွေ ပါတယ်။ ဖမ်းခံရတဲ့သူတွေထဲမှာ လူငယ်တွေ များတယ်။ လူငယ်တွေက စစ်မှုမထမ်းမနေရအမိန့်နဲ့ စစ်မှုထမ်း ခေါ်ခံရတာထင်တယ်” လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
KIA ပူးပေါင်းတပ်ဖွဲ့ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီ သုံ့ပန်းတွေထဲ လက်နက်ကိုင်စစ်သည် ၁၁၈ ဦး ပါဝင်ပြီး ဗိုလ်ကြီး ၂ ဦး၊ အရာခံဗိုလ် ၅ ဦး၊ တပ်ကြပ်ကြီး ၁၄ ဦး၊ တပ်ကြပ် ၁၂ ဦး၊ ဒုတပ်ကြပ် ၁၆ ဦးနဲ့ တပ်သား ၃၅ ဦး ပါဝင်ပါတယ်။
အရာရှိနဲ့ အဆင့်မြင့်စစ်သည် ၄၀ ကျော် ပါဝင်နေတယ်လို့လည်း လိုင်ဇာ FM မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်မှုမထမ်းမနေရ အမိန့်အောက် ပြည်သူ့စစ် ကိုယ်ပိုင်အမှတ် ရရှိထားတဲ့ အသက် ၁၉ နှစ်ကနေ ၃၀ နှစ်ကြား လူငယ် ၃၄ ဦးလည်း ပါဝင်တယ်လို့လည်း သိရပါတယ်။
ဖမ်းဆီးရမိသူတွေထဲ ရဲမေ ၁၇ ဦး၊ သူတို့ရဲ့ ကလေးငယ်နဲ့ သင်္ဘောပေါ် လိုက်ပါလာတဲ့ ဒေသခံ ၈ ဦးလည်း ပါဝင်ပြီး စစ်သုံ့ပန်းတွေကိုတော့ KIA က သီးသန့်နေရာ ချထားကာ စစ်သုံ့ပန်းဆိုင်ရာ နိုင်ငံတကာ ဥပဒေနဲ့အညီ စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂ ရက်မှာပဲ ဧရာဝတီမြစ်အတွင်း သင်္ဘောတစ်စီး နစ်မြှုပ်ခဲ့ပြီး သေဆုံးသူနဲ့ ရေကူးပြီး လွတ်မြောက်သွားသူ ရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်သုံ့ပန်းတွေကို ဖမ်းဆီးရမိခဲ့တဲ့ စင်းခန်းတံတားထိပ်ဘက်ကို စက်တင်ဘာ ၆ ရက်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ရာ တံတားသံဘောင်နဲ့ တံတားထိပ်ပိုင်း ကားလေး တစ်စီးစာခန့် ပေါက်သွားပြီး တံတားပေါ်တက်တဲ့ လှေကားလည်း ထိမှန်ပျက်စီးသွားတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။