မြတ်နိုး၊ စက်တင်ဘာ ၁၂ ရက်၊ သိန္နီ
ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့နယ် မန်မိုင်ရွာအထက် ကုန်းပေါ်မှာရှိတဲ့ ယမ်းထုတ်လုပ်ရေးနေရာတစ်ခု ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက် မနက် ၅ နာရီခွဲလောက်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး လူ ၁၅ ဦးခန့် ထိခိုက်သေဆုံးမှု ရှိတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
အဲဒီနေရာမှာ MNDAA တပ်ဖွဲ့ဝင်တွေရှိပြီး ယမ်းထုတ်လုပ်တဲ့လုပ်ငန်း လုပ်နေတယ်လို့ ဒေသခံတွေက ပြောဆိုပေမဲ့ အတည်ပြုနေဆဲ ဖြစ်ပါတယ်။
“ဒီမနက် ၅ နာရီခွဲဝန်းကျင်ခန့်က ပေါက်ကွဲတာ ဟုတ်တယ်။ အသံ အကျယ်ကြီးပဲ။ မန့်မိုင်ရွာ အထက်ဘက်က ကုန်းပေါ်မှာ။ အဲဒီမှာ MNDAA တွေ ယမ်းထုတ်တဲ့နေရာရှိတယ်။ အဲမှာ ပေါက်ကွဲတာ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် လက်ရှိ သိထားရသလောက် ရုတ်နိုင်ငံသား လုပ်ငန်းရှင် ၂ ဦး၊ အလုပ်သမား ၅ ဦးနဲ့ MNDAA တပ်ဖွဲ့ဝင် ၈ ဦး စုစုပေါင်း ၁၅ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရတယ်လို့ သူက ပြောပါတယ်။
ထိခိုက်ဒဏ်ရာ ရထားသူတွေလည်း သိန္နီဆေးရုံမှာ ကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။
“ဖြစ်စဉ် ဖြစ်တဲ့နေရာ လူတွေ ဝင်လို့မရဘူး ပိတ်ထားတယ်” လို့ နောက်ထပ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုဟာ အနီးနား ရွာတွေဘက်အထိ တုန်ခါခဲ့ပြီး နေအိမ် မှန်ကွဲတာ၊ မျက်နှာကျက် ပြုတ်ကျတာတွေ ရှိခဲ့ပြီး ပျက်စီးမှုနဲ့ ထိခိုက်မှု အခြေအနေ အတိအကျ မသိရသေးဘူးလို့ သူက ပြောပါတယ်။
ပေါ်က်ကွဲမှု ဖြစ်ပွားတာကြာင့် မနက်အစောပိုင်းက တရုတ်ကျောင်းတက်တဲ့ ကလေးတွေကိုလည်း ကျောင်းမတက်ခိုင်းဘဲ ပြန်လွှတ်လိုက်တယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ကိုးကန့်တပ်ဘက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
အခုလို ယမ်းသိုလှောင်၊ ထုတ်လုပ်တဲ့နေရာတွေ ပေါက်ကွဲမှုကတော့ ရှမ်းပြည်မြောက်ပိုင်းမှာ အရင်ကလည်း ဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ ၃၁ ရက်ကလည်း တအာင်းတပ်မတော် ထိန်းချုပ်တဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရွာမှာ ယမ်းသိုလှောင်ရုံ ပေါက်ကွဲခဲ့ပြီး လူ ၄၃ ဦး သေဆုံးခဲ့ပြီး ၁၅၄ ဦး ဒဏ်ရာရခဲ့သလို နေအိမ် ၆၈ဝ လည်း ပျက်စီးခဲ့ပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဧပြီ ၇ ရက်ကလည်း “ဝ”တပ်မတော်- UWSA ထိန်းချုပ်ဒေသရဲ့ မြို့တော်ဖြစ်တဲ့ ပန်ခမ်းခေါ် ပန်ဆန်းမြို့နယ် ယုံပန်း(ယောင်းပန်း)ရွာက ကြီးမားတဲ့ ပေါက်ကွဲမှုအတွင်း လူ ၁၆ဝ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပါတယ်။
ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ စက်ရုံက ယမ်းချက်လုပ်တဲ့စက်ရုံလို့ သတင်းထွက်ပေါ်ခဲ့ပေမဲ့ UWSA ကတော့ အဲဒီစက်ရုံဟာ ဓာတုဗေဒစက်ရုံလို့ သတင်းထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။