ရွှေဖီမြေ၊ ဧပြီ ၂ ရက်
ရှမ်းမြောက်မှာ စက်သုံးဆီဈေးနှုန်းတွေ နေ့စဉ်လိုလို မြှင့်တက်နေသလို လိုအပ်သလောက်လည်း ဝယ်ယူလို့မရတဲ့ အခြေအနေတွေကြောင့် ကားခ အဆမတန် မြှင့်တက်လာနေတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။
အရင်က နမ့်ခမ်းမြို့ကနေ နမ္မတူမြို့ဘက် ကားခ ၂ သိန်း ရှိရာကနေ လက်ရှိမှာ ၃ သိန်းအထိ မြှင့်တက်လာပြီး နမ့်ခမ်း-နမ့်ဆန်-မန်တုံကားခ အရင်က ၂ သိန်း ရှိရာကနေ လက်ရှိမှာတော့ ၃ သိန်းခွဲအထိ တက်လာတယ်လို့ ဆိုပါတယ်။
ကားသမားတစ်ဦးက “ကျနော်က ကားဆီ အမြဲဖြည့်တော့ နမ့်ခမ်းကနေ နမ္မတူကို သွားရင် တစ်ပုံးလောက် ထည့်လိုက်ရင် ရပြီ။ အရင်တစ်ပုံးဈေး ၈ သောင်းဘဲ။ အခု တစ်ပုံးဈေးက ၃ သိန်း ကျော်သွားပြီ။ အရင်က အသွားတစ်ပုံး အပြန်တစ်ပုံးလောက်ဘဲ။ အခုလည်း အဲလောက်ဘဲ။ ဒါပေမဲ့ ဆီဈေး တက်တော့ ပိုကုန်သွားတာ။ ဒီတစ်ခါ နမ့်ခမ်းကနေ မန်တုံ၊ နမ့်ဆန်၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း သွားတာ ကားထဲကို ဓာတ်ဆီ ၁၄ သိန်းလောက် ထည့်ရတာ။ ဒါတောင် မလောက်ဘူး” လို့ ပြောပါတယ်။
အလားတူ နမ္မတူကနေ ကွတ်ခိုင်မြို့ဘက်သွားဖို့ ကားခ ၁ သိန်း ၂ သောင်း ရှိရာကနေ လက်ရှိ ၂ သိန်းအထိ ဈေးနှုန်း မြှင့်တက်လာပြီး ကွတ်ခိုင်ကနေ နမ့်ခမ်းကို အရင်က ကားခ ၁ သိန်း ရှိရာကနေ လက်ရှိ ၁ သိန်းခွဲအထိ ရှိလာတယ်လို့ နောက်ထပ် ကားသမားတစ်ဦးက ပြောပါတယ်။
“ကျနော်တို့လည်း အဲလောက် တောင်းမှကို ကိုက်တာ။ မဟုတ်ရင် ဘာမှမကျန်ဘူး။ ဓာတ်ဆီဈေးတွေလည်း သိတဲ့အတိုင်းဘဲ။ အရင်က ၁ လီတာကို ၄ ထောင် ၅ ထောင် အဲလောက်ဘဲ။ တစ်ပုံးကို ၇ သောင်းကျော် ၈ သောင်းလောက်ဘဲ ကုန်တာ။ အခု တစ်ပုံး ၃ သိန်းကျော်ဆိုတော့ အသွား ၃ သိန်းကျော် အပြန် ၃ သိန်းကျော် ကုန်တယ်”
ဒီနေ့ ဧပြီ ၂ ရက်မှာ နမ့်ခမ်းမြို့က ပန့်ဆီဆိုင်တွေမှာ ဆီတစ်လီတာကို ၁၇,၅၀၀ ကျပ် ပေးရပြီး နမ္မတူမြို့မှာတော့ ပန့်ဆီဆိုင်တွေမှာ ဆီတစ်လီတာကို ၁ သောင်းခွဲနဲ့ ပန့်ဆီဆိုင် မဟုတ်တဲ့ နေရာတွေကိုတော့ တစ်လီတာကို ၁၆,၅၀၀ ကျပ်အထိ ပေးရတယ်လို့ သိရပါတယ်။
အလားတူ ရှမ်းမြောက်ရှိ တခြားမြို့နယ်တွေမှာလည်း စက်သုံးဆီဈေးနှုန်းတွေ ဆက်တိုက် မြှင့်တက်နေတယ်လို့ သိရပါတယ်။
စက်သုံးဆီဈေး မြှင့်တက်တာနဲ့ ဆီရရှိဖို့ အခက်အခဲတွေကြောင့် ရှမ်းမြောက်မှာ စားသောက်ကုန် ဈေးနှုန်းတွေလည်း ဆက်တိုက် မြှင့်တက်နေပြီး ယာဉ်လိုင်းတချို့လည်း ရပ်နားထားရတယ်လို့ ယာဉ်မောင်းတချို့က ရွှေဖီမြေကို ပြောဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။