ပျားကြီး၊ မတ် ၂၉၊ မန္တလေး
မန္တလေးမှာ စစ်ကောင်စီရဲ့ လက်အောက်ခံ Non CDM ဝန်ထမ်းတွေက စက်သုံးဆီဆိုင်တွေမှာ ဆီထုတ်ယူပြီး ပြင်ပမှာ အမြတ်ယူရောင်းစားမှုတွေပြုလုပ်နေတာကြောင့် ပြည်သူလူထုအနေနဲ့ ဆီရရှိမှုအကြပ်အတည်းနဲ့ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေကရွှေဖီမြေကိုပြောပါတယ်။
စက်သုံးဆီရှားပါးမှုကြောင့် ပြည်သူတွေအနေနဲ့ နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းဝယ်ယူနေရပေမဲ့ Non CDM ဝန်ထမ်းတွေကတော့ တန်းစီစောင့်ဆိုင်းစရာမလိုဘဲ ဝန်ထမ်းကဒ်ပြသပြီး သီးသန့်ဝင်ရောက် ထုတ်ယူဖို့ အထူးအခွင့်အရေးရရှိထားတာ ဖြစ်ပါတယ်။
“ပြည်သူတွေက တစ်ညလုံးမအိပ်ဘဲ တန်းစီစောင့်နေရတဲ့အချိန်မှာ ဝန်ထမ်းတွေက တခြားအပေါက်ကနေဝင်ပြီးထုတ်နေကြတယ်။ လိုအပ်လို့ ထုတ်ရတာမျိုးကိုအပြစ်မပြောလိုပေမဲ့ အပြင်မှာအမြတ်တင်ပြီးရောင်းစားတာမျိုးက လူပါးဝလွန်းတယ်။ သူတို့ကအဲဒီလိုလုပ်တော့ တန်းစီနေတဲ့ ပြည်သူတွေကျအချိန်တွေပိုကြာတယ်။ ပိုပြီးကြပ်တည်းလာတာပေါ့”ဟု မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှဒေသခံအမျိုးသားတစ်ဦးကပြောသည်။
Non CDM ဝန်ထမ်းတွေအတွက်ဆီထုတ်ရက် စုံမသတ်မှတ်ထားမှုမရှိတာကြောင့် နေ့စဥ်ဆီထုတ်ယူမှုတွေပြုလုပ်ပြီး ပြင်ပမှာ ၃ ဆကနေ ၄ ဆအထိအမြတ်တင်ရောင်းချပြီးစီးပွားရှာနေကြတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
လက်ရှိအချိန်မှာစက်သုံးဆီရှားပါးပြတ်လပ်မှုကြောင့် မန္တလေးဒေသခံတွေဟာ ၁၈ နာရီကနေ နာရီ ၂၀ အထိတန်းစီစောင့်ဆိုင်း ဝယ်ယူနေရတာဖြစ်ပြီး ရာသီဥတုပူပြင်းမှုကြောင့် ကျန်းမာရေးထိခိုက်မှုတွေလည်းအများအပြား ကြုံတွေ့နေရတာတွေ့ရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။