ဝတ်မှုံ၊ ဧပြီ ၄ ရက်၊ မူဆယ်
ရှမ်းမြောက်က မြို့နယ်တချို့မှာ ဓာတ်ဆီ တစ်လီတာကို ၃ သောင်းကျပ်ဝန်းကျင်အထိ စျေးမြှင့်တက်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီနေ့ ဧပြီ ၄ ရက်မှာ မူဆယ်က ပန့်ဆီဆိုင်တွေမှာ ဓာတ်ဆီ တစ်လီတာကို ၁၇၀၀၀ ကျပ်ကနေ ၂၀၀၀၀ ကျပ်အထိ ရှိနေပေမယ့် အပြင်ဆိုင်တွေမှာ တစ်လီတာကို ၃ သောင်းကျပ် ဝန်းကျင်အထိ စျေးတက်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ပါဆယ်တော့ မရောင်းဘူး။ ကား ဆိုင်ကယ်တွေမှာတော့ ကြိုက်သလောက်ထည့်လို့ရတယ်။ လမ်းဘေးဆိုင်တွေမှာကျတော့ ရေသန့်ဗူးတွေနဲ့ ရောင်းကြတာလေ။ ရေသန့်ဗူးကြီး တစ်ဗူးကို ၃ သောင်းရောင်းကြတယ်”
နမ့်ခမ်းမြို့နယ်မှာလည်း ပန့်ဆီဆိုင်မှာ တစ်လီတာကို ၁၆၀၀၀ ကျပ်ကနေ ၁၈၀၀၀ ကျပ်အထိရှိပြီး အပြင်လမ်းဘေးဆိုင်တွေမှာ တစ်လီခွဲရှိတဲ့ ဆန်းကစ်အချိုရည်ဗူး တစ်ဗူးကို ၄ သေင်းကျပ်အထိ ရောင်းနေတယ်လို့ သိရပါတယ်။
“လမ်းဘေးမှာ ရောင်းနေကြတာ ၂၃ (၂၃,၀၀၀) ကနေ ၂၅ (၂၅,၀၀၀) အထိရှိတယ်။ ဆန်းကစ် ၁ ဘူး ၄ သောင်း” လို့ နမ့်ခမ်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အလားတူ ကွတ်ခိုင်၊ နမ့်ဆန်၊ နမ္မတူနဲ့ မန်တုံမြို့နယ်တွေမှာတော့ ပန့်ဆီဆိုင်မှာ တစ်လီတာကို ၁၂,၀၀၀ ကျပ်ကနေ ၁၅,၀၀၀ ကျပ်အထိ စျေးရှိပြီး အပြင်လမ်းဘေးဆိုင်တွေမှာတော့ တစ်လီတာကို ၁၅,၀၀၀ ကနေ ၂၀,၀၀၀ ဝန်းကျင်အထိ ရှိတယ်လို့ သိရပါတယ်။
ကွတ်ခိုင်မှာ ဆီရရှိမှုနဲ့ပတ်သက်ပြီး ကွတ်ခိုင်ဒေသခံ အမျိုးသားတစ်ဦးပြောတာက “ဆိုင်ကယ်တော့ အပြည့်ရမယ်ထင်တယ်။ ကားက နှစ်သိန်းပဲရတာ။ တန်းစီရတယ်။ မနက်ဆိုရင် ရတနာမိုးကနေ စျေး(မြို့မစျေး)အရှေ့ထိ အရှည်ကြီးပဲ ကားတွေ” လို့ ပြောပါတယ်။
လားရှိုးမြို့နယ်မှာလည်း ပန့်ဆီဆိုင်တွေမှာ တစ်လီတာကို ၉,၅၀၀ ကျပ်နဲ့ အပြင်လမ်းဘေးဆိုင်တွေမှာ တစ်လီတာကို ၁၅,၀၀၀ ကျပ်အထိ စျေးရှိနေပြီး အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ လားရှိုးဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“အခုတောင် တန်းစီနေတာပဲ။ ဆိုင်က ဘယ်ချိန်ဖွင့်မှာလဲ မသိဘူး။ ညကတည်းက လာစီထားတာလား။ မနက်အစောကြီး လာထားထာလား မသိဘူးပဲ။ ကားတွေ ဆိုင်ကယ်တွေတော့ ထားခဲ့ကြတာပဲ”
စက်သုံးဆီဈေး အခက်အခဲကြောင့် ရှမ်းမြောက်မှာ စားသောက်ကုန်ဈေးနှုန်းတွေ ဆက်တိုက် မြှင့်တက်နေပြီး ယာဉ်လိုင်းတချို့ ရပ်နားထားရသလို ပရဟိတကားတွေလည်း ခရီးဝေးလူနာတွေအတွက် ဝန်ဆောင်မှုမပေးနိုင်ပဲ ရပ်နားထားရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ စစ်သုံးဆီ အကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အိမ်သုံးကားတွေကို စုံမရက် ခွဲပြီးတော့ မောင်းနှင်ဖို့အပါအဝင် ဝန်ထမ်းတွေအနေနဲ့ ဗုဒ္ဓဟူးနေ့တိုင်း နေအိမ်ကနေသာ ရုံးတက်ဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။