ရွှေဖီမြေ၊ ဇွန်လ ၁၃ ရက်၊ လားရှိုး
ရှမ်းမြောက် လားရှိုးမြို့မှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေနဲ့ အလုပ်အကိုင်မရှိတဲ့ လူငယ်တွေကို စစ်မှုထမ်းကြဖို့ စစ်ကောင်စီနဲ့ ၎င်းရဲ့ လက်အောက်ခံရဲတွေက လိုက်လံစည်းရုံးနေတယ်လို့ လားရှိုးမြို့ခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ၎င်းရဲ့ လက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေက လားရှိုးမြို့တွင်းရှိ ရပ်ကွက်တချို့မှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ၊ အလုပ်အကိုင်မရှိတဲ့ လူငယ်တွေကို စစ်မှုထမ်းရင် လစာကောင်းကောင်းပေးမယ်ဆိုပြီး လိုက်လံစည်းရုံးနေတယ်လို့ ဆိုပါတယ်။
ကိုယ်တိုင်မြင်တွေ့ခဲ့သူ လားရှိုးမြို့ခံအမျိုးသားတစ်ဦးက “နည်းနည်းအဆင်မပြေတဲ့သူတွေကို စစ်မှုထမ်းရင် လစာဘယ်လောက်ရမယ်၊ ရာထူးကောင်းကောင်းပေးမယ်ဆိုပြီး လိုက်စည်းရုံးနေတာ။ ကျနော်အသိတစ်ယောက်တောင် ဒီနေ့ လာခေါ်သွားတယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။
လားရှိုးမြို့မှာ စစ်မှုထမ်းတပ်သားရဖို့ မူးယစ်ဆေးဝါးသုံးစွဲသူတွေနဲ့ အလုပ်အကိုင်မရှိတဲ့ လူငယ်တွေကို လိုက်လံစည်းရုံးနေတာ ၁ လဝန်းကျင်ရှိလာပြီဖြစ်ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ထဲမှာ စစ်မှုထမ်းသင်တန်းဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းတပ်သားရဖို့ ပေါ်တာဆွဲတာတွေအပြင် မူးယစ်ဆေးဝါးသုံးစွဲသူတွေနဲ့ အလုပ်အကိုင်မရှိတဲ့ လူငယ်တွေကိုပါ စစ်မှုထမ်းဖို့ လိုက်လံစည်းရုံးနေတာ ဖြစ်ပါတယ်။
စစ်မှုမထမ်းမနေရဥပဒေကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ အတည်ပြုပြဋ္ဌာန်းခဲ့ပြီး လူငယ်တွေကို အတင်းအဓမ္မစုဆောင်းတာတွေ ပြုလုပ်နေကာ အပတ်စဉ် ၁ ခုကို လူအင်အား ၅,၀၀၀ သတ်မှတ်ထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်း အပတ်စဉ်-၂၄ အထိ သင်တန်းဆင်းထားပြီး စစ်အင်အား ၁ သိန်း ၂ သောင်းဝန်းကျင်အထိ ရရှိနေပြီ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။