ရွှေဖီမြေ၊ ဇူလိုင် ၁၃ ရက်၊ မတ္တရာ
တော်လှန်ရေးတပ်တွေဘက်က စစ်ကောင်စီတပ်ထံ လက်လွှတ်ခဲ့ရတဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲမှာ စစ်တပ်စခန်း ၂ ခုကို တိုက်ခိုက်ခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖဘက်က သတင်းထုတ်ပြန်လာပါတယ်။
မတ္တရာမြို့နယ် အနောက်ခြမ်းရှိ စစ်ကောင်စီတပ်စခန်းရှိတဲ့ သဲအင်းရွာနဲ့ ရှင်လှတောင်ရွာကို တော်လှန်ရေးတပ်တွေဘက်က ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်မှာ တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ရှင်လှတောင်ရွာ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၂ ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး စစ်အင်အားတွေ ထပ်မံဖြည့်တင်းလာတာကြောင့် တော်လှန်ရေးတပ်တွေဘက်က ဆုတ်ခွာခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က ၁ ဦး ကျဆုံးခဲ့ပြီး ဒီတိုက်ခိုက်မှုကို မတ္တရာမြို့နယ် ပကဖအပါအဝင် ပြင်ဦးလွင်ခရိုင် အမှတ် (၁) တပ်ရင်း၊ မန္တလေးခရိုင် ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မတ္တရာမြို့နယ်အပါအဝင် မန္တလေးတိုင်းထဲက စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေကို တော်လှန်ရေးတပ်တွေဘက်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ စစ်ကောင်စီတပ်ထံ လက်လွှတ်ထားရပါတယ်။
မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်မှာ အဓိက အခြေချလှုပ်ရှားခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY PDF) ကလည်း တပ်ဖွဲ့အတွင်း ပြန်လည်စုဖွဲ့လေ့ကျင့်ခဲ့ပြီး စစ်ဆင်ရေးတွေကို ဆက်လက်ဆင်နွှဲသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။