ရွှေဖီမြေ၊ ဇူလိုင် ၂၂ ရက်၊ မူဆယ်
ရှမ်းမြောက် မူဆယ်မြို့က ရွှေလီမြစ်မှာ ပုပ်ပွနေတဲ့ အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိတယ်လို့ မြင့်မြတ်ပါရမီသွေးလှူရှင်နဲ့ လူမှုကူညီအသင်းက ဒီနေ့ ဇူလိုင် ၂၂ ရက်မှာ ဖော်ပြရေးသားထားပါတယ်။
အဲဒီအလောင်းကို မနေ့ ဇူလိုင် ၂၁ ရက် ညနေ ၄ နာရီဝန်းကျင်က ရွှေလီမြစ်ဘေးမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ရုပ်အလောင်းမှာ ပုပ်ပွနေတာကြောင့် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ခွဲခြားသိရှိနိုင်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေဖြစ်နေတယ်လို့ တွေ့ရှိသူ တစ်ဦးက ပြောပါတယ်။
တွေ့ရှိခဲ့သူတစ်ဦးက “သူက အရမ်းကိုပုပ်ပွနေတာ။ ဘာကိုမှ ကြည့်လို့မရအောင်ဖြစ်နေတယ်။ ခေါင်းကလည်း မရှိတော့ဘူး။ အရိုးဘဲ ကျန်တော့တယ်။ ခြေထောက်တွေလည်း အရိုးဘဲကျန်တော့တယ်။ ခန္ဓာကိုယ်ဘဲကျန်တာ အဲဒီခန္ဓာကြီးကလည်း ဘာမှမမြင်ရတော့ဘူး။ သက်တူးတွေ ဘာတွေရှိလား ဘာရှိလည်းဆိုတာတောင် ကြည့်လို့မရတော့တဲ့ အခြေအနေဖြစ်နေတာ” လို့ ပြောပါတယ်။
အဲဒီအမျိုးသားရဲ့ ရုပ်အလောင်းကိုတော့ မြင့်မြတ်ပါရမီ သွေးလှူရှင်နဲ့ လူမှုကူညီရေးအသင်းက သွားရောက်သယ်ဆောင်ကာ မီးသဂြိုလ်ပေးခဲ့တယ်လို့ သိရတယ်။
အလားတူ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်မှာလည်း မူဆယ်မြို့က အသက် ၂ နှစ်အရွယ် ကလေး ၁ ဦးဟာ မန့်မိုင်ကုန်း ရခိုင်ဂိတ်အောက်အနီးရှိ ရေကန်တစ်ခုထဲ ရေနစ်သေဆုံးခဲ့ပါတယ်။
မူဆယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်မှာလည်း ရွှေလီမြစ်ထဲ ရေဆော့ကစားတဲ့ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၂ ဦး ရေနစ်ပြီး သေဆုံးခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။