အလင်း၊ ဩဂုတ် ၂၆ ရက်၊ ပလက်ဝ
အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ပလက်ဝမြို့နယ် ရွှေလိုက်ဝရွာမှာရှိတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Maraland Defence Force (MDF) စစ်သင်တန်းကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့လို့ သင်တန်းသား ၄ ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ သြဂုတ် ၂၅ ရက် ည ၁၁ နာရီခန့်မှာ ရွှေလိုက်ဝရွာမှာရှိတဲ့ MDF ရဲ့ စစ်သင်တန်းကျောင်း လေ့ကျင့်ရေးကွင်းဘက်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
“MDF ရဲ့ စစ်သင်တန်းကျောင်းကို ဗုံးကြဲတိုက်ခိုက်သွားတာပါ။ သင်တန်းကျောင်းရဲ့ လေ့ကျင့်ရေးကွင်းဘက်မှာ ကျပေါက်ကွဲတယ်လို့ သိရတယ်။ ဗုံးသီးက ဘယ်နှစ်လုံးမှန်း မသိဘူး။ အသံကတော့ အရမ်းကျယ်တယ်။ မြေကြီးပါ တုန်တယ်” လို့ ပလက်ဝဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် Hrala ရွာက သင်တန်းသား ၂ ဦး၊ Patheitlh ရွာက သင်တန်းသား ၁ ဦးနဲ့ Tido ရွာက သင်တန်းသား ၁ ဦး စုစုပေါင်း သင်တန်းသား ၄ ဦး ကျဆုံးသွားတယ်လို့ သိရပါတယ်။
“လေ့ကျင့်ရေးကွင်းဘက်မှာနေတဲ့ သင်တန်းသား ၄ ယောက်က ဗုံးစ ထိမှန်လို့ ပွဲချင်းပြီး ကျဆုံးသွားတယ်လို့ သိရတယ်။ တခြားရဲဘော်တွေလည်း ထိခိုက်ဒဏ်ရာ ရတာ ရှိတယ်”
ဒါ့အပြင် တိုက်ခိုက်မှုကြောင့် သင်တန်းသား ၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကို MTP Branch (Lpu)က ဦးဆောင်ပြီး ဆေးဝါးကုသမှုနဲ့ ကူညီစောင့်ရှောက်ရေး ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်ကလည်း ပလက်ဝမြို့နယ် စိမ့်ညှင်းဝကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ ကလေးအပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။