ရွှေဖီမြေ၊ ဧပြီ ၁၆ ရက်၊ ပေါက်
သင်္ကြန်အတက်နေ့မှာ မကွေးတိုင်း ပေါက်မြို့နယ်က ဝန်လဲကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိထားတယ်လို့ လူမှုရေးရာအလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနဆီက သိရပါတယ်။
ဒီနေ့ သင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက် နေ့လယ် ၂ နာရီခွဲမှာ စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးတစ်လုံးနဲ့ လာရောက်ပစ်ချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက “ဒီနေအတက်နေ့ နေ့လည်တုန်းက ရွာလယ်တည့်တည့်မှာ လာပစ်သွားတာ။ ၂ ယောက်က ပွဲချင်း သေဆုံးသွားတယ်။ ၅ ယောက်က ဒဏ်ရာရတယ်။ သူတို့ရဲ့ နာမည်နဲ့ အသက်တွေတော့ လောလောဆယ် မသိရသေးဘူး။ သူတို့လာပစ်တဲ့အချိန်မှာ ရွာကလူတွေ ရေကစားတာလည်းမရှိဘူး။ ကိုယ်အိမ်မှာ ကိုယ်နေနေကြတယ်” လို့ ပြောကါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ဦးနဲ့ အမျိုး ၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိထားတဲ့ ၅ ဦးထဲက အမျိုးသား ၁ ဦးနဲ့ အမျိုးသား ၁ ဦးက ဒဏ်ရာဆိုးရိမ်ရတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ လူထိခိုက်မှုရှိတဲ့အပြင် နေအိမ် ၆ လုံးလည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
ပေါက်မြို့နယ်ထဲကို စစ်ကောင်စီတက်ဘက်က စစ်ကြောင်းထိုးကာ နေအိမ်တွေ မီးရှို့ဖျက်ဆီးသွားခဲ့တဲ့အပြင် လေကြောင်းနဲ့အသုံးပြုပြီး မကြာမဏ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။