ရွှေဖီမြေ၊ ဧပြီ ၂ ရက်၊ ဟိုပုံး
ရှမ်းတောင် ဟိုပုံးမြို့နယ်မှာ မြေသိမ်းယူမှုကို ကန့်ကွက်ခဲ့တဲ့ ဒေသခံ ၁၂ ဦးကို စစ်ကောင်စီတပ်က ညအချိန်မှာ နေအိမ်ထဲအထိ ဝင်ရောက်ကာ ဖမ်းဆီးသွားခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံးက မနေ့ ဧပြီ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာက ဒေသခံတောင်သူတွေရဲ့ မြေယာကို စစ်တပ်နဲ့ အာဏာပိုင်တွေက မတရား သိမ်းယူခဲ့ပြီး ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်မှာ ရဲ၊ စစ်သား၊ ထွေအုပ်အရာရှိနဲ့ မြေပွဲစားတွေက ဒေသခံတွေရဲ့နေအိမ်နဲ့ စိုက်ပျိုးမြေတွေကို ဘူဒိုဇာနဲ့ ဖျက်ဆီးဖို့ လုပ်ခဲ့တာကြောင့် ဒေသခံတွေက ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ကန့်ကွက်ခဲ့တဲ့ ဒေသခံတွေထဲက ညောင်ပင်ရွာသူကြီးအပါအဝင် ဒေသခံ ၁၂ ဦးကို အဲဒီ မတ်လ ၃၀ ရက် ညမှာပဲ နေအိမ်တံခါးတွေ ဖျက်ပြီး အိမ်ထဲအထိ မတရား ဝင်ရောက်ဖမ်းဆီးသွားခဲ့တယ်လို့ ဆက်လက် ဖော်ပြထားပါတယ်။
ဖမ်းဆီးခံရသူတွေထဲ သက်ကြီးပိုင်းအများစု ပါဝင်ပြီး ဖမ်းဆီးခံရပြီးနောက် မတ်လ ၃၁ ရက် ညနေပိုင်းအထိ ဒေသခံတွေကို အစားအသောက် ကျွေးတာ မရှိဘဲ ချုပ်နှောင်ထားသလို လက်ရှိမှာ ဒေသခံအများစုက အိမ်မှာ မအိပ်ရဲဘဲ တိမ်းရှောင်နေရတာကြောင့် အခက်အခဲ ကြုံနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အဲဒီမြေယာတွေဟာ လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ်ကစပြီး တိုင်းဗဟို(၃)၊ BE တပ်နဲ့ တပ်မတော် ကွန်ပျူတာနဲ့ နည်းပညာသိပ္ပံ (တကန)တို့က ဧကပေါင်း ၁၈,၃၆၀.၄၈ ကို လျော်ကြေး တစ်စုံတစ်ရာ မပေးဘဲ သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။
သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဧက ၁၄,၀၀၀ ကျော် စွန့်လွှတ်ခဲ့ပေမဲ့ ကျန်ရှိတဲ့ ဧက ၄ ထောင်ကျော်ကို ဆက်လက် သိမ်းဆည်းထားခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ တကန တပ်က ဧက ၆၂၅ ဧက ထပ်မံ စွန့်လွှတ်ခဲ့ပေမဲ့ အဲဒီမြေတွေဟာ မူလပိုင်ရှင် တောင်သူတွေဆီ ပြန်မရောက်ဘဲ အာဏာပိုင်တွေရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲ ရှိနေခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
၂၀၂၆ ခုနှစ် မတ်လကစပြီး ဟိုပုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့ဦးကွက်သစ် (မင်္ဂလာရပ်ကွက်)နဲ့ နောင်တောင်းကျေးရွာက နေအိမ် ၂၀၀ ကျော်ကို ဖယ်ရှားပေးဖို့ ဆင့်စာ ၃ ကြိမ် ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။