ပို့လဘား၊ ဧပြီ ၂၈ ရက်၊ လားရှိုး
စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ကားဝယ်မယ်လို့ဆိုကာ ကားပွဲစားကို သတ်ပြီး ကားလုယူသွားတဲ့ တရားခံ ၂ ဦးကို လက်ရှိအချိန်ထိ ဖမ်းမိတာ မရှိသေးဘူးလို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။
“နောက်ဆက်တွဲက ဘာမှမကြားဘူးပဲ။ ဖမ်းမိတာမျိုးလည်း မကြားမိဘူး။ သူတို့မလိုက်နိုင်ဘူးလေ။ ကားပျောက်တယ် တစ်စီးမှပြန်မရနိုင်ဘူး”
ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်မှာ အသက် ၃၈ နှစ်အရွယ် လားရှိုးမြို့ခံ ကားပွဲစား ဦးဆန်းအောင်ဆိုသူကို အမျိုးသား ၂ ဦးက ကားဝယ်မယ်လို့ဆိုကာ လားရှိုးမြို့ ရပ်ကွက် (၅) ရှိ ရေကန်တောင်ဘက်ကို ကားအစမ်းမောင်းကြည့်ဖို့ ခေါ်သွားပြီး သတ်ဖြတ်ကာ ကားယူပြီး ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် လားရှိုးမြို့ရှိ လူထုတွေရဲ့ ကားတွေကိုလည်း မကြာခဏ ခိုးယူခံနေရပြီး စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးရမိတာ မရှိဘူးလို့ မြို့ခံတွေက ဆိုပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ပြီးနောက် ဓားပြတိုက်မှုတွေအပြင် လူသတ်မှုတွေ၊ ခိုးမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က လက်ရှိအချိန်အထိ အရေးယူနိုင်တာ မရှိဘူးလို့ မြို့ခံတွေက ဆိုကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။