ရွှေဖီမြေ၊ ဧပြီ ၂၈ ရက်၊ တာချီလိတ်
ရှမ်းအရှေ့ တာချီလိတ်မြို့နယ်ထဲက ကျားဖြန်ရုံ ၂ ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် မြန်မာနိုင်ငံသား ၅၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
မနေ့ ဧပြီလ ၂၇ ရက် မနက် ၁၁ နာရီမှာ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း လိုမာဟိုတယ်အနီးက ကျားဖြန်ရုံတစ်ခုကို စစ်ကောင်စီ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံသား အမျိုးသား ၃ ဦးနဲ့ မြန်မာနိုင်ငံသား အမျိုးသမီး ၆ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ မနေ့ ဧပြီ ၂၇ ရက် နေ့လယ်၂ နာရီဝန်းကျင်မှာလည်း ဝိန်းကျောက်ရပ်ကွက်အတွင်းရှိတဲ့ နောက်ထပ် ကျားဖြန်ရုံတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးခဲ့ရာ ကျားဖြန်လုပ်ကိုင်သူ နောက်ထပ် တရုတ်နိုင်ငံသား အမျိုးသား ၈ ဦးအပါအဝင် ထိုင်ဝမ်လူမျိုး အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၂၇ ဦးနဲ့ အမျိုးသမီး ၇ ဦး ထပ်မံဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ကျားဖြန်လုပ်ကိုင်ရာမှာ အသုံးပြုနေတဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်ကလည်း တာချီလိတ်မြို့နယ် ပန်ကူကျေးရွာအနီးရှိ ကျားဖြန်ရုံကို ဝင်ရောက်စီးနင်းခဲ့ရာ အွန်လိုင်းလိမ်လည်လုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၁၂၅ ဦးနဲ့ လာအိုနိုင်ငံသား ၁ ဦးတို့ ဖမ်းဆီးရမိပြီး ၎င်းတို့အသုံးပြုထားတဲ့ လုပ်ငန်းသုံး ဆက်စပ်ပစ္စည်း တွေကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။