သုတ၊ မေလ ၂၈ ရက်၊ လားရှိုး
ရှမ်းမြောက် လားရှိုးမြို့မှာ ကျပ်သိန်း ၆၀၀ ကျော် တန်ဖိုးရှိတဲ့ တရုတ်ကုန်ပစ္စည်း တင်ဆောင်လာတဲ့ ကုန်ကားနှစ်စီးကို စစ်ကောင်စီရဲ့ လက်အောက်ခံ ရဲက ဖမ်းဆီးထားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
မနေ့ မေလ ၂၇ ရက်မှာ လားရှိုး မြို့ရှောင်လမ်းကနေ ထင်းရှူးမြိုင်လမ်းအတိုင်း တရုတ်ကုန်ပစ္စည်း တင်ဆောင်လာတဲ့ ကုန်ကားနှစ်စီးကို စစ်ကောင်စီရဲ့ လက်အောက်ခံတွေက တရားမဝင်ကုန်ဆိုပြီး ဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ်။
လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက “အခု လားရှိုးမြို့အဝင်အထွက်မှာ တရုတ်ကုန် လုံးဝ တင်လို့မရဘူး ဆက်တိုက် ဖမ်းနေတယ်။ မြို့ထဲက ဆိုင်တွေမှာတော့ စစ်ပြီး ဖမ်းတာမျိုးတော့ မတွေ့ရဘူး။ လမ်းမှာပဲ အဓိက ဖမ်းတာ” လို့ ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီရဲ့ လက်အောက်ခံ ရဲက ကုန်ပစ္စည်းတွေကို သိမ်းဆည်းထားသလို ကားသမားနှစ်ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
စစ်တပ်ရဲ့ ရွေးကောက်ပွဲကနေ တက်လာတဲ့ စစ်ခေါင်းဆောင် သမ္မတ မင်းအောင်လှိုင်ရဲ့ ရက်(၁၀၀) စီမံချက်ဆိုပြီး ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ကနေ တရုတ်ကုန်ပစ္စည်း တင်ဆောင်လာတဲ့ ကုန်ကားတွေကို စစ်တပ်က လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမပေါ်မှာ စစ်ဆေးမှု တင်းကြပ်ပြီး ဆက်တိုက် ဖမ်းဆီးနေတာလည်း ဖြစ်ပါတယ်။
ရှမ်းမြောက်မှာ အရေးပါတဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကိုတော့ ညီနောင်မဟာမိတ်တပ်ဘက်က ထိန်းချုပ်ထားပြီး ချင်းရွှေဟော်နယ်စပ်ဂိတ်ကိုတော့ ကိုးကန့်တပ်- MNDAA က ထိန်းချုပ်ထားတာပဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။