လွေးလာဝ်ဇာရ်၊ ဩဂုတ် ၁၁ ရက်၊ မိုးမိတ်
ရှမ်းမြောက် မိုးမိတ်မြို့ပြင် ညောင်နီရွာမှာ စစ်ကောင်စီတပ်က လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးနဲ့ လက်နက်ငယ် အသုံးပြုပြီး တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။
ဒီနေ့ ဩဂုတ် ၁၁ ရက် နေ့လယ် ၂ နာရီဝန်းကျင်ကစပြီး နယ်မြေရှင်းလင်းရေး လုပ်တဲ့ပုံစံနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သူက ပြောဆိုပါတယ်။
“တိုက်ပွဲ ဖြစ်တာလို့ ပြောလို့မရလောက်ဘူး။ စစ်ကောင်စီဘက်ကပဲ တစ်ဖက်သတ် ပစ်ခတ်နေတာ။ လက်နက်ကြီးကော လက်နက်ငယ်အသံ ကြားနေရတယ်။ လေကြောင်းကတော့ တစ်ခါပဲ ပစ်တာ”
စစ်တပ်ရဲ့ တစ်ဖက်သတ် ပစ်ခတ်မှုကြောင့် အနီးတဝိုက်က ဒေသခံတွေလည်း မိုးမိတ်မြို့ထဲ တိမ်းရှောင်နေရပြီး လူထိခိုက်မှု ရှိမရှိတော့ မသိရသေးဘူးလို့ ၎င်းက ဆက်ပြောပါတယ်။
“ညနေ ၅ နာရီအထိ လက်နက်ကြီးအသံတွေ ကြားနေရတယ်။ ဒရုန်းနဲ့လည်း ၁၀ ခါမကတော့ဘူး။ သွားချလိုက် ပြန်လာလိုက် လုပ်နေတာ။ ကျနော်တို့လည်း သွားမကြည့်ရဲတော့ လူထိမထိတော့ မသိရဘူး”
ညောင်နီရွာအနီးတဝိုက်မှာ ကချင်တပ်မတော်- KIA နဲ့ ရှမ်းတပ်မတော်- SSPP တို့ သွားလာလှုပ်ရှားတဲ့နေရာဖြစ်ပြီး ၎င်းတပ်ဖွဲ့ ၂ ဖွဲ့ကို အဲဒီဒေသကနေ ထွက်ခွာစေလိုတဲ့အတွက်ကြောင့် ပစ်ခတ်ခဲ့တာလို့ ပြောပေမဲ့ ရွှေဖီမြေက သီးခြား အတည်မပြုနိုင်သေးပါဘူး။
စစ်တပ်ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်ကူညီပေးမှုကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ မိုးမိတ်နဲ့ မိုးကုတ်မြို့ထဲ ဝင်ရောက်လာတာပဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။