ရွှေဖီမြေ၊ စက်တင်ဘာ ၂ ရက်၊ မိုင်းလုံ
တအာင်းတပ်မတော် – PSLF/TNLA က မိုင်းလုံမြို့နယ်အတွင်းမှာ နေထိုင်ပြီး မူးယစ်ဆေးဝါးလက်ဝယ်ထားတဲ့ အမျိုးသမီးတစ်ဦးကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၁၁ (က) အရ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အဲဒီအမျိုးသမီးဟာ အသက် ၅၉ နှစ်အရွယ်ရှိပြီဖြစ်ပြီး မိုင်းလုံမြို့နယ် ညောင်ထောက်ကျေးရွာအုပ်စု နားမျော်ကျေးရွာမှာ နေထိုင်သူဖြစ်ပါတယ်။
အဲဒီအမျိုးသမီးဟာ မူးယစ်ဆေးဝါးရောင်းဝယ်ကြောင်း တအာင်းရဲတပ်ဖွဲ့က သတင်းရရှိပြီးတဲ့နောက် သူမနေအိမ်ထဲ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူထည့်ထားတဲ့ ဆပ်ပြာခွက် ၁၄၂ ခွက်နဲ့ ယာမဆေးပြား ၁၃၂ ဂရမ် သိမ်းဆည်းရမိတယ်လို့ ဖော်ပြပါတယ်။
PSLF/TNLA ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဥပဒေထဲမှာ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှုဟာ ပုဒ်မ ၈ (ဂ) အရ ငွေဒဏ်အပါ ထောင်ဒဏ် ၂ ကနေ အများဆုံး ၇ နှစ်အထိသာကျသင့်နိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။
ဒါပေမဲ့ ပြန်လည်ရောင်းချဖို့ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုအတွက် ပုဒ်မ ၁၁ (က) ပြဌာန်းချက်အရတော့ ထောင်ဒဏ် အနည်းဆုံး ၇ နှစ်ကနေ တစ်သက်တစ်ကျွန်းနဲ့ညီမျှတဲ့ ထောင်ဒဏ် ၂၀ နှစ်အထိ ချမှတ်ခံရနိုင်တယ်လို့ ဖော်ပြထားပါတယ်။
အခု အမျိုးသမီးကို TNLA က မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ထောင်ဒဏ်အနည်းဆုံး ၇ နှစ်ချမှတ်ခြင်းဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။