ရွှေဖီမြေ၊ သြဂုတ် ၃ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်- ၅ ရှိ ရေကန်တောင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မူးယစ်ဆေးဝါးသုံးစွဲသူတွေကို လိုက်လံဖမ်းဆီးကာ ငွေညှစ်တောင်းနေတယ်လို့ လားရှိုးမြို့ခံတွေဆီက သိရပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲသူ ပေါများတဲ့ ရေကန်တောင်မှာ စစ်ကောင်စီတပ်ဘက်က ဒီရက်ပိုင်းအတွင်း ဖမ်းဆီးမှုတွေ ပြုလုပ်နေပြီး ငွေမပေးနိုင်သူတွေကို ရိုက်နှက်ပြီး ပြန်လွှတ်ပေးကာ ငွေပေးနိုင်တဲ့သူတွေထံ ငွေညှစ်တောင်းနေတယ်လို့ ဆိုပါတယ်။
ရေကန်တောင်အနီး နေထိုင်သူ အမျိုးသားတစ်ဦးက “ဒီကောင်တွေက ဖမ်းတော့ မဖမ်းသွားဘူး။ ဖုန်းပါရင် ဖုန်းယူတယ်။ ဆိုင်ကယ်ပါရင် ဆိုင်ကယ်ယူသွားတယ်။ ပိုက်ဆံမရှိတဲ့ကောင်တွေဆိုရင် ရိုက်ပြီး ပြန်လွှတ်ပေးလိုက်တယ်။ ပိုက်ဆံရှိတဲ့ကောင်တွေဆိုရင် ဖမ်းပြီး ငွေညှစ်၊ အိမ်ကို ပိုက်ဆံတောင်းခိုင်းတယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်က မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ဖမ်းဆီးမှုတွေ ပြုလုပ်သင့်ပေမယ့် အခုလို ငွေညှစ်ပြီး ပြန်လွှတ်ပေးနေတဲ့အပေါ် မြို့ခံတွေက ဝေဖန်နေကြပါတယ်။
ရေကန်တောင်မှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ကျက်စားရာနေရာဖြစ်ပြီး လုယက်မှုတွေလည်း မကြာခဏ ဖြစ်ပွားနေတဲ့ နေရာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်မှာလည်း ရေကန်တောင်မှာ အမျိုးသမီးတစ်ဦး ဆိုင်ကယ်နဲ့ ဖုန်းလုယက်ခံရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။
ဒါ့အပြင် လားရှိုးမြို့ကို စစ်ကောင်စီ ပြန်ထိန်းချုပ်ပြီးနောက် ဓားပြမှု၊ လူသတ်မှု၊ လုယက်မှုနဲ့ ပြန်ပေးဆွဲတာတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိရောက်တဲ့ အရေးယူမှုတွေ မလုပ်နိုင်ဘူးလို့ မြို့ခံတွေက ပြောဆိုကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။