အလင်း၊ သြဂုတ် ၃၊ ဟားခါး
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှာ သြဂုတ် ၁ ရက်၊ ညပိုင်းက စစ်ကောင်စီနဲ့ CDF (ဟားခါး) တို့ ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
ပစ်ခတ်မှုကြောင့် အသက် (၅၀) ကျော်အရွယ် အမျိုးသမီးမှာ ခြေသလုံးကို ကျည်ထိမှန်ခဲ့ပြီး သေနတ်သံတွေ မတိတ်ဆိတ်သေးသဖြင့် အချိန်မီ ဆေးကုသမှု မခံယူနိုင်ဘဲ သွေးထွက်လွန်ကာ ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။
“ခြေတလုံးမှာ ဆိုပေမဲ့ ဒဏ်ရာကြီးတော့ သွေးထွက်လွန်ပြီး ဆုံးသွားတာပါ။ ပစ်ခတ်မှု မရပ်သေးတော့ ဆေးခန်း ချက်ချင်းသွားဖို့ အချိန်မမီလိုက်ဘူး။ အဲမှာ ဆုံးသွားတာပါ။”လို့ ဟားခါးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အဲဖြစ်စဉ်အတွင်း နောက်ထပ် ရပ်ကွက်နေ အမျိုးသားတစ်ဦးကလည်း လက်မှာ ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့သလို လူနေအိမ်တွေရဲ့ နံရံတွေနဲ့ သွပ်ပြားတွေမှာ ကျည်ထိမှန်တဲ့ အပေါက်များစွာ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
“အမျိုးသားတစ်ယောက်လည်း လက်မှာ ဒဏ်ရာရတယ်။ စိုးရိမစရာတော့ မရှိဘူး။ ပစ်ခတ်မှုဖြစ်တဲ့ အနီးအနားက နေအိမ်တွေလည်း ကျည်ထိမှန်လို့ ပေါက်ပြဲပျက်စီးမှုတွေ ရှိတယ်။”လို့ အထက်ပါ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ဆက်ပြောပါတယ်။
ကျည်ထိမှန် သေဆုံးခဲ့တဲ့ အမျိုးသမီးရဲ့ ရုပ်အလောင်းကို မနေ့ ဩဂုတ်လ ၂ ရက်နေ့မှာ မြေမြှုပ်သဂြိုလ်မယ်လို့ သိရပါတယ်။
ယင်းပစ်ခတ်မှုအပြီး လက်ရှိမှာ စစ်ကောင်စီတပ်တွေ ဟာ ဟားခါးမြို့တွင်း လုံခြုံရေးတင်းကျပ်ထားပြီး ခြေရှပ်နေကြတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။