By သူရ၊ ရွှေဖီမြေ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ တအာင်းဒေသ မန်တုံမြို့နယ်အတွင်းက ကျေးရွာတချို့မှာ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ရောင်းဝယ်သူတွေ ပြန်လည် ကြီးထွားလာတာကြောင့် လူထုတွေကြား စိုးရိမ်မှု ပြန်လည်မြှင့်တက်လာပါတယ်။

၁၀၂၇ စစ်ဆင်ရေး မတိုင်ခင်က မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေ နည်းပါးခဲ့ပေမဲ့ စစ်ဆင်ရေးနောက်ပိုင်း မြို့တွေကို တအာင်းတပ်ဘက်က ထိန်းချုပ်လာပြီးနောက် ကျေးရွာတွေမှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရင်က မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေကို တင်းတင်းကျပ်ကျပ် အရေးယူခဲ့တာကြောင့် ကျေးရွာတွေမှာ မူးယစ်ဆေးဝါး သုံးစွဲသူနဲ့ ရောင်းဝယ်သူတွေ သိပ်မတွေ့ခဲ့ရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

မြို့တွေကို မထိန်းချုပ်နိုင်ခင်ကာလမှာ TNLA တပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွေမှာ အခြေစိုက်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးအရေးယူတာတွေ ပြုလုပ်ခဲ့တာကြောင့် မူးယစ်ဆေးဝါး ပြဿနာက ထိန်းချုပ်နိုင်တဲ့ အခြေအနေမှာ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း အခြေအနေတွေ ပြောင်းလဲလာခဲ့ပါတယ်။

မြို့တွေကို တအာင်းတပ်ဘက်က ထိန်းချုပ်ပြီးနောက် ကျေးရွာပိုင်းတွေမှာ ကင်းလှည့်တာနဲ့ အရေးယူတာတွေ အရင်ကလောက် မတွေ့ရတော့ဘဲ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေ ပြန်လည်မြှင့်တက်လာတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

အထူးသဖြင့် မန်တုံမြို့နယ်ထဲက ကျယ်ခေါင်နဲ့ မန်မောက်အုပ်စုအတွင်းရှိ ကျေးရွာ ၁၀ ရွာဝန်းကျင်မှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေ များလာတယ်လို့ ရွာခံတွေက ပြောပါတယ်။

“၂၀၂၄ မတိုင်ခင်က မူးယစ်ဆေးဝါး သုံးစွဲမှုတွေ မရှိသလောက် ဖြစ်လာပြီ။ အခု ကျနော့်ရွာမှာဆိုရင် ထက်ဝက်က မူးယစ်ဆေး ပြန်သုံးကြတယ်” လို့ စေကော်ကျေးရွာအုပ်စုထဲမှာ နေထိုင်တဲ့ အသက် ၆၀ ကျော် အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောကြားချက်အရ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို TNLA ဘက်က ဖမ်းဆီးအရေးယူတာတွေ ရှိပေမဲ့ ငွေကြေး ပေးဆောင်ပြီး ပြန်လွှတ်ပေးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထားသူတချို့လည်း ထွက်ပြေးလွတ်မြောက်တာတွေ ရှိနေတဲ့အတွက် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဖမ်းတော့ ဖမ်းသွားတယ်။ နောက်တစ်ရက်နှစ်ရက်ဆို ပြန်လွှတ်လာတယ်။ ဒီဘက်ရောက်ရင် ပိုက်ဆံရှိရင် မူးယစ်ဆေးဝါးက အကုန်ရတယ်” လို့ ၎င်းက ပြောပြပါတယ်။

မူးယစ်ဆေးဝါးတွေထဲ ဘိန်းမဲ၊ ဘိန်းဖြူနဲ့ ယာမဆေးပြားတွေကို အများဆုံး အသုံးပြုတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မိသားစုအတွင်း အိမ်ထောင်ရေးပြဿနာ၊ စားဝတ်နေရေး အခက်အခဲနဲ့ မိသားစု ပြိုကွဲမှုတွေ ဖြစ်ပေါ်လာနေတယ်လို့ ရွာခံတွေက ပြောကြပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါး သုံးစွဲသူတွေထဲ ကျောင်းတက်ရမယ့်အရွယ် ကလေးတွေပါ မူးယစ်ဆေးဝါး သုံးစွဲလာတာက ဒေသခံတွေအတွက် ပိုပြီးစိုးရိမ်စရာ ဖြစ်လာပါတယ်။

ကျယ်ကောင်အုပ်စုရှိ ဟိုလင်ကျေးရွာမှာဆိုရင် မူးယစ်ဆေးဝါး သုံးစွဲသူတွေထဲ အမျိုးသားတွေအပြင် အမျိုးသမီးနဲ့ ကျောင်းနေအရွယ် ကလေးတွေလည်း ပါဝင်လာတယ်လို့ ရွာခံတွေက ပြောပါတယ်။

မူးယစ်ဆေးဝါး စွဲလမ်းမှုကြောင့် ကျောင်းနေအရွယ် ကလေးတချို့ ကျောင်းမတက်တော့ဘဲ မူးယစ်ဆေးဝါးနောက်ကို လိုက်ပါသွားကြတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

“ကျောင်းနေအရွယ် ကလေးတွေလည်း ပျက်စီးကုန်တယ်။ အများစုက ယာမ ရှူကြတယ်။ ကျောင်းလည်း မတက်ကြတော့ဘူး” လို့ အထက်ပါ အမျိုးသားက ပြောပြပါတယ်။

မန်တုံမြို့နယ်ထဲက တအာင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးကတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လူထုတွေအနေနဲ့ ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“ခက်တာက ရွာခံတွေကလည်း ဘယ်သူ မူးယစ်ဆေးဝါး သုံးလဲ ရောင်းဝယ်တာ လုပ်လဲ မပြောရဲကြဘူး။ ပြန်လွှတ်လာရင် သူတို့ကို ဒုက္ခပြန်ပေးမှာ ကြောက်ကြတယ်။ ရဲတွေကလည်း အရေးယူမှုတွေ ဆက်တိုက် လုပ်နေတယ်”

တအာင်းတပ်ဘက်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အလေးထား ဆောင်ရွက်နေပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးမှုနဲ့ သုံးစွဲမှုတွေ ပပျောက်ရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ လူမှုဘဝ လုံခြုံတည်ငြိမ်ရေးအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို တအာင်းတပ်ဘက်က ဖမ်းဆီးပြီး အရေးယူနေတာကို ၎င်းတို့ရဲ့ ထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။

ဒေသခံတွေကတော့ မြို့ပေါ်မှာသာမက ကျေးရွာတွေအထိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေကို အလေးထား ဆောင်ရွက်ပေးဖို့နဲ့ ရောင်းဝယ်ဖြန့်ဖြူးသူတွေကို ထိရောက်စွာ အရေးယူပေးဖို့ လိုလားနေကြပါတယ်။

“သုံးစွဲတဲ့သူ ၁၀ ယောက်ကို ဖမ်းနိုင်ရင် ထိရောက်မှု သိပ်မရှိဘူး။ ရောင်းတဲ့သူတစ်ယောက် ဖမ်းနိုင်ရင် မူးယစ်ဆေးဝါးက တော်တော်လျော့နည်းလာမယ်” လို့ ကော်အုပ်စုမှာ နေထိုင်တဲ့ ရွာခံအမျိုးသားတစ်ဦးက ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။