မြတ်နိုး၊ စက်တင်ဘာ ၄ ရက်၊ ဗန်းမော်
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်းထဲ စစ်ကောင်စီရဲ့ စစ်ကူရေယာဉ်တွေ ရောက်လာပြီးတဲ့နောက် ဒီနေ့ စက်တင်ဘာလ ၄ ရက် မနက် အစောပိုင်းကစတင်ပြီး တိုက်ပွဲတွေအပြင်းအထန် ပြန်ဖြစ်နေကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“ဒီမနက် ဗန်းမော်က စစ်ရေယာဉ်တွေ ကမ်းကပ်ထားတဲ့ နေရာမှာ မိုးမလင်းခင်ကတည်းက တိုက်ပွဲ အပြင်းအထန် ပြန်ဖြစ်နေတယ်။” လို့ ရှေ့တန်းနဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဂျမ်မာတွေ အများကြီးထောင်ထားတဲ့ စစ်ရေယာဉ်တစ်စီးလည်း ထိထားတာ ကြားသိရကြောင်း သူက ပြောပါတယ်။
နောက်ထပ် သတင်းရင်းမြစ် တစ်ဦးက “စကခ ၂၁ က စစ်ကောင်စီတွေလည်း ထွက်လာတယ်လို့ ပြောတယ်။ ဟိုနေရာ၊ ဒီနေရာ၊ နေရာအနှံ့က အင်အားတွေ ပြန်စုပြီး ပြင်းပြင်းထန်ထန် ချနေကြတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က စစ်ကူအင်အား ၆၀၀ ခန့် ဗန်းမော်ဘက် ဝင်ရောက်လာနိုင်တာရှိသလို ၅ မိုင်ဘက်မှာလည်း နှစ်ဖက်တပ်ဖွဲ့တွေ လှုပ်မရပဲ စစ်ဆိုင်ထားရတယ်လို့လည်း ဆိုပါတယ်။
ဗန်းမော်ကို ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ လမ်းကြောင်းတလျှောက် KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်တာ ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ရေယာဉ် ၂ စီး ကမ်းကပ်ကာ အလံဖြူထောင် လက်နက်ချရာမှာ စစ်ကောင်စီစစ်သည် အဆင့်ပေါင်းစုံ ၁၅၁ ဦး၊ ရဲ အဆင့်ပေါင်းစုံ ၁၇ ဦး၊ အမျိုးသမီး ၁၆ နဲ့ ကလေး ၆ ဦးစုစုပေါင်း ၁၉၀ ဦး သုံ့ပန်းအဖြစ် ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေကဆီက သိရပါတယ်။
စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်နေ့ကစ မန္တလေးကနေ တိုက်ခိုက်ရေးသင်္ဘာ ၂ စီး၊ ကမ်းထိုးသင်္ဘော ၄ စီး၊ တွဲတွန်းသင်္ဘော ၈ စီး စုစုပေါင်း ၁၄ စီး ဗန်းမော်ဘက် စစ်ကူ တက်လာတာဖြစ်ပြီး စက်တင်ဘာလ ၃ ရက်နေ့မှာ မနက်အစောပိုင်းမှာတော့ စစ်ကူ ရေယာဉ် တချို့ ဗန်းမော်ကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။