ရွှေဖီမြေ၊ မေလ ၁၃ ရက်၊ ကွတ်ခိုင်
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာနဲ့ မုံးဟွမ်ကျေးရွာမှာ နေထိုင်ကြတဲ့ တအာင်းတပ် TNLA တပ်ဖွဲ့ဝင်တွေကို ကိုးကန့်တပ် MNDAA ထံ စစ်မှုထမ်းဖို့ MNDAA ဘက်က ဖိအားပေးနေတာတွေပြုလုပ်နေတယ်လို့ ဖြစ်စဉ်သိရှိသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
တကယ်လို့ MNDAA ဘက် စစ်မှုမထမ်းဘူးဆိုရင် ၎င်းတို့ထိန်းချုပ်နယ်မြေမှာ ဆက်ပြီးနေထိုင်ခွင့်မရတော့ဘဲ TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ နမ့်ဆန်၊ မန်တုံဘက်ကို ပြောင်းရွှေ့နေထိုင်ဖို့ ပြီးခဲ့တဲ့ မေလ ၉ရက်နေ့က ခြိမ်းခြောက်ပြောဆိုထားတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဖြစ်စဉ်သိရှိသူ ဒေသခံ တစ်ဦးက “မုံးစီး၊ မုံးဟွမ်ဘက်မှာ ကိုးကန့်တွေက TNLA တပ်သားတွေကို သူတို့ဘက် ပြောင်းပေးဖို့ ဖိအားပေးနေတာ။ မသွားလို့ မရဘူးဆိုတဲ့သဘောပါ။ တကယ်လို့ သူတို့ဘက်မပြောင်းပေးရင် သူတို့နယ်မြေမှာမနေနဲ့ မိသားစုတွေခေါ်ပြီး နမ့်ဆန်၊ မန်တုံဘက် ပြောင်းနေဆိုပြီး ပြောတာမျိုးတွေ လုပ်လာနေတယ်”လို့ ပြောပါတယ်။
လက်ရှိ MNDAA ဘက်ကို ပြောင်းသွားတဲ့ TNLA တပ်သားတွေဟာ ၃၀ ကျော်ဝန်းကျင်ရှိနေပြီး ကျန်ရှိနေသေးတဲ့ တပ်ဖွဲ့တွေကိုလည်း ထပ်မံပြောင်းလာဖို့ ပြောဆိုထားတယ်လို့ သိရပါတယ်။
“သူတို့ဘက်ပြောင်းသွားတဲ့ တပ်သားတွေလည်း ၃၀ ကျော်လောက်ရှိပြီ။ သင်တန်းကွင်းထဲ ရောက်ကုန်ပြီ။ မသွားတဲ့ သူတွေကိုလည်း ခြိမ်းခြောက်ထားတယ်။ သူတို့သွားခိုင်းထားတဲ့ သူတွေလည်း အများကြီး ကျန်သေးတယ်။ အဲလူတွေကလည်း TNLA စစ်သားတွေဘဲ။ တချို့လူလည်း တောင်းပန်ထားတယ်။ တောင်ယာ၊ လယ်ယာတွေ လုပ်ပြီးတဲ့အချိန်မှ သွားမယ်ဆိုပြီး တောင်းပန်ထားတယ်” လို့ ပြောပါတယ်။
အလားတူ ဟိုဖျက်အုပ်စုက ကျေးရွာခံတွေလည်း တစ်ရွာကို ၁၀ ဦး စစ်မှုထမ်းပေးဖို့ ကိုးကန့်တပ်- MNDAA က ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဖိအားပေး ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားပါတယ်။
ဒါ့အပြင် ကွတ်ခိုင်မြို့နယ်ကို MNDAA ထိန်းချုပ်ပြီးတဲ့နောက် ကျေးရွာတိုင်းရှိ ဒေသခံတွေကို စစ်မှုထမ်း ခေါ်တဲ့အပြင် တအာင်းကျေးရွာအဝင် ဆိုင်းဘုတ်တွေကိုလည်း တရုတ်၊မြန်မာစာအစားထိုးထားခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။