မြတ်နိုး၊ ဇွန်လ ၁ ရက်၊ ဖားကန့်
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိပ်မူရွာမှာ ပြီးခဲ့တဲ့ မေလ ၂၈ ရက် နေ့လည် ၂ နာရီခန့်က အသက် ၁၅ နှစ်အရွယ် ကျောင်းသူတစ်ဦး သူငယ်ချင်းဆီ သွားရာက စုဆောင်းရေးထဲ ခေါ်ဆောင်သွားခံရပြီး ဒဏ်ရာတွေနဲ့ ပြန်လည် ထွက်ပြေးလွတ်မြောက်လာတယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
ဖြစ်စဉ်သိရှိထားတဲ့ ဒေသခံတစ်ဦးက “ကလေးက ၉ တန်းဖြေထားပြီး ၁၀ တန်းတက်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းသူပါ။ မေလ ၂၈ ရက် နေ့လယ်ပိုင်းက သူငယ်ချင်းနဲ့ မုန့်စားဖို့ ထွက်သွားရာကနေ စုဆောင်းရေးဆိုတဲ့ လူတွေက ခေါ်သွားခံရလို့ ပျောက်ဆုံးသွားခဲ့တာ” လို့ ပြောပါတယ်။
မေလ ၂၈ ရက် နေ့လည် ၂ နာရီလောက်မှာ ပျောက်ဆုံးသွားရာကနေ ည ၈ နာရီလောက်မှာ ပြန်လည်ထွက်ပြေးလွတ်မြောက်လာတာဖြစ်ပြီး အိမ်ပြန်ရောက်ချိန် လက်၊ ခြေထောက်၊ ရင်ညွန့်၊ ဗိုက်နဲ့ မျက်နှာတွေမှာ ခြစ်ရှ ဖူးယောင်ဒဏ်ရာရထားတယ်လို့ သူက ပြောပါတယ်။
မိသားစုနဲ့ နီးစပ်သူတစ်ဦးကလည်း “အခုချိန်ထိ စိတ်မတည်ငြိမ်သေးဘူး။ ယောကျ်ားလေးအသံကြားရင်တောင် ကြောက်လန့်ပြီး တုန်နေတယ်။ ညဘက်ဆိုရင်လည်း ယောင်ယမ်းအော်ဟစ်တာတွေ ရှိနေသေးတယ်” လို့ ဆိုပါတယ်။
ဒေသတွင်းမှာတော့ အခုဖြစ်စဉ်ဟာ စုဆောင်းရေးလုပ်ငန်းနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်နေပြီး ဖြစ်စဉ်မှန်ကို ဖော်ထုတ်ပေးဖို့ တောင်းဆိုမှုတွေလည်း မြင့်တက်နေပါတယ်။
နောက်ထပ်ဒေသခံတစ်ဦးကလည်း “ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် ပြည်သူနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ တာဝန်ယူမှု ရှိသင့်တယ်။ ကလေးငယ်တစ်ယောက်ရဲ့ ဘဝနဲ့ စိတ်ကျန်းမာရေး ထိခိုက်သွားတဲ့ ဖြစ်စဉ်ဖြစ်လို့ သေချာစုံစမ်းပြီး တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူပေးစေချင်တယ်” လို့ ပြောပါတယ်။
ဖားကန့်ဒေသမှာ လက်နက်ကိုင်အဖွဲ့တွေရဲ့ လူသစ်စုဆောင်းမှုနဲ့ ပတ်သက်တဲ့ တိုင်ကြားမှုတွေ မကြာခဏ ထွက်ပေါ်နေပြီး ဒေသခံတွေကတော့ အခုဖြစ်စဉ်အတွက် လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။
ဆက်လက်ပြီး ၎င်းက “ကလေးက ငယ်သေးတယ်။ သူ့သူငယ်ချင်းက မုန့်စားမယ်ဆိုပြီး ခေါ်သွားတဲ့အချိန် တောဘက်ကလူတွေက ခေါ်သွားတာ။ ပြန်ရောက်လာတော့ ဒဏ်ရာတွေ အများကြီးပဲ။ အခုဆို ယောကျာ်းလေးအသံကြားတာနဲ့ ကြောက်နေတယ်။” လို့ ဆိုပါတယ်။
မိသားစုဝင်တွေရဲ့ ပြောပြချက်အရ အဲဒီ ကျောင်းသူက စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ထိခိုက်သွားခဲ့ပြီး အမျိုးသားအသံကြားတာနဲ့ တုန်လှုပ်ခြောက်ခြားနေကာ ညဘက်တွေမှာလည်း ယောင်ယမ်းအော်ဟစ်တာတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
စုဆောင်းရေး ခေါ်ဆောင်သွားသူတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်ကြောင့် လက်ရှိ ညီမလေးဖြစ်သူက ယောက်ျားလေး အသံကြားရင့် ကြောက်လန့် တုန်ရင်နေတာကြောင့် စိတ်ဒဏ်ရာရပြီး ပုံမှန်ပြန်မဖြစ်လာမှာကို အစ်ကိုဖြစ်သူကလည်း စိုးရိမ်နေတယ်လို့ ပြောပါတယ်။
လက်ရှိမှာ ဆေးကုသပေးတဲ့ ဆရာဝန်တွေကတော့ အဓ္ဓမပြုကျင့်ခံခဲ့ရခြင်း ရှိ၊မရှိကို စစ်ဆေးဖို့ ခက်ခဲနေပြီး ပစ္စည်းပစ္စယပြည့်စုံတဲ့ ဆေးရုံမှာ စစ်ဆေးရမယ်လို့ ပြောထားကာ အရေးပေါ် ပြဿနာတွေ ထပ်မဖြစ်စေရန်အတွက်သာ တားဆေးကို လိုရမယ်ရ ထိုးထားပေးတယ်လို့ လူနာရှင်ကို အသိပေးကြောင်း သိရပါတယ်။
KPDF ရဲဘော်တစ်ဦးက စုဆောင်းရေးမှာ လက်ရှိ မိန်းကလေးတွေကို ထားဖို့ နေရာမရှိသလို မိန်းကလေးတွေလည်း တပ်သားစုဆောင်းဖို့ မလိုအပ်ဘူးလို့ ပြောပါတယ်။
လူမှုကွန်ရက်တွေနဲ့ မြေပြင်သတင်းအရင်းအမြစ်တွေမှာတော့ အဲဒီမိန်းကလေးငယ်ကို KIA လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက စုဆောင်းရေးအကြောင်းပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ စွပ်စွဲမှုတွေ ထွက်ပေါ်နေပေမယ့် KIA ဘက်မှ တရားဝင် ထုတ်ပြန်ရှင်းလင်းချက် မရှိသေးပေ။
ဒေသခံတွေကတော့ ဖားကန့်ဒေသမှာ လက်နက်ကိုင်အဖွဲ့တွေ စုဆောင်းရေးလုပ်တာ ပိုဆိုးလာနေပြီး အမျိုးသမီးတွေနဲ့ အသက်မပြည့်သေးသူတွေပါ ပါဝင်လာလို့ စိုးရိမ်နေကြတာလည်း ရှိပါတယ်။
၂၀၂၅ ခုနှစ်နှောင်းပိုင်းကလည်း ဖားကန့်ဒေသမှာ KIA နဲ့ မဟာမိတ်အဖွဲ့တွေက အမျိုးသား၊ အမျိုးသမီး လူငယ်တွေကို အတင်းအကျပ် စုဆောင်းနေကြောင်း ဒေသခံတွေက ပြောဆိုခဲ့ပြီး KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကလည်း တချို့နေရာမှာ အတင်းအကျပ် စုဆောင်းမှု ဖြစ်ပွားနိုင်ကြောင်း သတင်းဌာနတွေမှ ဝန်ခံပြောဆိုဖူးပါတယ်။
ဒေသတွင်း တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတချို့ကလည်း အခုဖြစ်စဉ်ကို အဖွဲ့အစည်းရဲ့ စုဆောင်းရေးလုပ်ငန်းနဲ့ ဆက်စပ်မှုရှိပါက တာဝန်ခံဖြေရှင်းပေးဖို့ အမည်ခံအသုံးချပြီး ကျူးလွန်ခဲ့ခြင်းဖြစ်ပါကလည်း ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူပေးဖို့ တောင်းဆိုနေကြပါတယ်။
လက်ရှိ ဖားကန့်၊ ဆိပ်မူကျေးရွာအုပ်စုမှာ KIA တပ်မဟာ (၉) လက်အောက်ခံ၊ တပ်ရင်း (၂၆) နဲ့ တပ်ရင်း (၃၁) က စုဆောင်းရေးလုပ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။