By ပပ၊ ဇွန်လ ၁ ရက်
ပြင်းအားကြီးတဲ့ ပေါက်ကွဲမှုတစ်ခု တအာင်းတပ် ထိန်းချုုပ်တဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာမှာ မနေ့ မေလ ၃၁ ရက် နေ့လယ် ၁၂ ခွဲဝန်းကျင်မှာ ဖြစ်ပွားခဲ့ပါတယ်။ စစဖြစ်ချင်းနဲ့ နာရီပိုင်းအတွင်းမှာ လေယာဉ်ဗုံးကြဲခံရတာလား။ စစ်လက်နက် အကြွင်းကျန်ကပဲ ပေါက်ကွဲတာလားဆိုတာ ဘယ်သူကမှ သေချာမသိရပဲ တစ်ရွာလုံးကို ရုတ်တရက် ငိုသံတွေနဲ့ ပြည့်နက်သွားစေခဲ့ပါတယ်။
မကြာခင်မှာပဲ ကယ်ဆယ်ရေးလုပ်သူတွေက သေကြေပျက်စီးနေတဲ့ ရုပ်အလောင်းတွေကို ရှာဖွေဆွဲထုတ်နေတာနဲ့ ဒဏ်ရာရရှိသူတွေကို ကူညီကယ်ဆယ်တာတွေ လုပ်ဆောင်နေကြတဲ့ မြင်ကွင်းတွေ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာပါတယ်။
ဒါနဲ့ပဲ နမ့်ခမ်းမှာ နေထိုင်ကြတဲ့ ဒေသခံတွေနဲ့ ဆွေမျိုးသားချင်းတွေ ဘေးကင်းပါစေကြောင်း အဝေးမှာ နေထိုင်ကြတဲ့ အသိုင်းအဝိုင်းတွေရဲ့ ဆုတောင်းစကားတွေလည်း ၎င်းတို့ရဲ့ လူမှုကွန်ယက်တွေပေါ်မှာ မျှဝေကြပါတယ်။
မထင်မှတ်ပဲ တစ်ခဏအတွင်း ဖြစ်သွားတဲ့ အဖြစ်အပျက်ဖြစ်တာကြောင့် လူထုတွေက ပူထူသွေးဆူနေကြပြီး “နေအိမ်တွေ အများကြီးပျက်စီးသွားပြီ။ သေတဲ့သူတွေလည်း အများကြီးဘဲ” လို့သာ ပြောဆိုကြပြီး သေဆုံး၊ ဒဏ်ရာရသူနဲ့ ပျက်စီးမှု အသေးစိတ်ကိုတော့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ မပြောပြနိုင်သေးပါဘူး။
ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပေမဲ့ တုန်လှုပ်ခြောက်ခြားနေကြတဲ့ ဒေသခံတွေက လေကြောင်းနဲ့ ဗုံးကြဲခံရတာလား။ ဒရုန်းဗုံးကြဲခံရတာလားနဲ့ တိုက်ပွဲဖြစ်နေတာလားဆိုတာကို မသိရှိခဲ့ကြပါဘူး။
ကျေးရွာတစ်ခုလုံးမှာ ငိုသံတွေနဲ့သာ ဆူညံနေပြီး မြေပြင်ပေါ်မှာလည်း သွေးချောင်းတွေသာ ဖုံးလွှမ်းနေကြောင်းကို ၎င်းမြင်ကွင်းတွေကို ကြားခဲ့၊ မြင်တွေ့ခဲ့ရတဲ့ အမျိုးသမီးက ဆိုပါတယ်။
“ကယ်ကြပါအုံး၊ ငါ့သမီး ငါတို့သား၊ ငါတို့အမေ၊ ငါတို့အဖေတွေကို ရှာကူပေးကြပါ။ တချို့တွေကတော့ သွပ်မိုးကို လက်နဲ့ မ တဲ့သူရှိသလို တချို့ကလည်း ပြိုကျထားတဲ့ အုတ်နံရံတွေကို မ ပြီး ကူမပေးကြပါအုံး။ သူအသက်ရှိသေးတယ်” ဆိုပြီး အသက် ၂၀ ကျော်အရွယ် အမျိုးသမီးက သူမြင်တွေ့ခဲ့ရတာတွေ ပြောပါတယ်။
ဖြစ်စဉ်ဖြစ်ပြီး နာရီပိုင်းအကြာမှာပဲ ကောင်းတပ်ရွာတစ်နေရာက သိုလှောင်ထားတဲ့ ယမ်းစက်ရုံပေါက်ကွဲကြောင်းကို ဒေသခံတွေက သိရှိရတာပါ။ ရင်ကွဲမတတ် ဟော်ဟစ်ငိုကြွေးနေကြပြီး ဒေါသမီးတွေ လောက်မြှိုက်စပြုလာကြောင်း ရပ်ကွက်နေ အမျိုးသားက ဆိုပါတယ်။
“ဘာကြောင့်ဘဲ ဖြစ်နေပါစေ။ လူတွေက အများကြီး သေနေကြပြီလေ။ အထူးသဖြင့်ကတော့ စစ်သားတွေရဲ့ ပစ္စည်းတွေကို ရွာထဲထားတော့ ပိုဆိုးကြတာပေါ့။ ဆဲတဲ့လူကဆဲကြတာပေါ့”
နေ့လယ် ၁၂ နာရီခွဲဟာ နေ့လယ်စာ စားကြချိန်ဖြစ်တာကြောင့် အများစုကတော့ မိသားစုလက်စုံ ထမင်းစားနေကြချိန်လည်း ဖြစ်ပါတယ်။ အဲဒီအချိန်မှာဘဲ မထင်မှတ်ဘဲ ရုတ်တရက်ဖြစ်ပေါ်ခဲ့တဲ့ ပေါက်ကွဲမှုကြောင့် တချို့မိသားစုကတော့ လူမစုံတော့ပါဘူး။
ထမင်းစားနေရင်း တချိန်တည်းမှာဘဲ သားဖြစ်သူနဲ့ မိခင်ဖြစ်သူကို တစ်နေရာတည်း တချိန်တည်း ဆုံးရှုံးခဲ့ရတဲ့ ဦးအိုက်အေးကတော့ မိနစ်ပိုင်းအတွင်း ရင်ဘတ်တစ်ခုလုံး လောင်ကျွမ်းရကြောင်းကို အခုလိုပဲ ပြောပြပါတယ်။
“ထမင်းစားပြီးရင် အမေကို ဈေးထဲပို့ဖို့ ရှိပါတယ်။ သူလိုအပ်တာတွေ ဝယ်ဖို့ ပို့ပေးမလို့။ သားကိုလည်း ဘောလုံးကန်ဖို့ ပို့ပေးဖို့ စိတ်ကူးထားတယ်။ အခုက သူတို့နှစ်ယောက်က ထမင်းလေးတောင် ဝအောင်မစားသွားလိုက်ရဘူး” ဆိုပြီး ဦးအိုက်အေးက ရှိုက်ကြီးတငင် ငိုယိုပြီး ပြောပြပါတယ်။
အဲနေရာမှာ ပေါက်ကွဲမှုဖြစ်ပြီး ခဏအတွင်းမှာဘဲ လူမှုကူညီရေးအသင်းတွေရဲ့ ကားတွေနဲ့ လာရောက်ကူညီပေးတဲ့ ယာဉ်သံကို ပေါလောရိုက်နေတဲ့အထိ ကြားနေရပါပြီ။
အဲဒီအချိန်မှာလည်း ပျက်စီးယိုယွင်းနေတဲ့ အိမ်တွေကြားမှာ ကလေး၊ လူငယ်၊ လူကြီး စတဲ့ လူတွေရဲ့ ဟော်ဟစ်ငိုကြွေး အကူအညီတောင်းခံတဲ့ အသံတွေကိုလည်း ကြားနေကြရပါတယ်။ ကူညီပေးသူတွေကလည်း ရုတ်အလောင်းတွေကို ဆွဲထုတ်သူက ဆွဲထုတ်။ ဒဏ်ရာရသူတွေကိုလလည်း ဆွဲထုတ်ပြီးတော့ ပြည်သူ့ဆေးရုံသို့ အမြန်ဆုံး ကူညီပို့ဆောင်ပေးကြပါတယ်။
အဲအချိန်မှာ နမ့်ခမ်းမြို့မအတွင်း ဖွင့်လှစ်ထားတဲ့ ဈေးဆိုင်တွေနဲ့ လမ်းဘေးဆိုင်တွေလည်း ရုတ်တရက် ပေါက်ကွဲမှုကြောင့် စိုးရိမ်တကြီးနဲ့ ပိတ်သိမ်းထားကြတဲ့ မြင်ကွင်းတွေလည်း ဖြစ်ပေါ်ခဲ့ကြောင်း နောက်ထပ် အမျိုးသားက ပြောပါတယ်။
“အဲချိန်မှာ လူတွေက ဘာမှန်းမသိတော့ တိုက်ပွဲဖြစ်မှာကြောက်တာရယ်။ လေယာဉ် လာကြဲတာလို့ ထင်ကြတာရယ်ကြောင့်ပါ” ဆိုပြီး ပြောပါတယ်။
တအာင်းတပ် TNLA ဖက်ကတော့ ပေါက်ကွဲမှုဖြစ်စဉ်ဟာ TNLA ရဲ့ စီးပွားရေးဌာနမှ မိုင်းတွင်းကျောက် ထုတ်လုပ်ရေးလုပ်ငန်းမှာ အသုံးပြုဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲသွားတာဖြစ်ကြောင်း မနေ့ မေလ ၃၁ ရက်မှာပဲ ထုတ်ပြန်ပါတယ်။
အဲဒီထုတ်ပြန်ချက်အပေါ်ကိုလည်း တအာင်းလူထုတွေကြား ပြင်းပြင်းထန်တန် ဝေဖန်ပြောဆိုကြပြီး ဝေဖန်မှု မြင့်တက်နေတာကိုလည်း တွေ့ရပါတယ်။
“အဲလောက် အန္တရာယ်ရှိတဲ့ ပစ္စည်းကို လူထုတွေ နေထိုင်တဲ့ကြားမှာ ထားဖို့မလိုဘူး။ လူထုနဲ့အဝေးဆုံးမှာ ထားသင့်တယ်” ဆိုတဲ့ ပြောဆိုချက်တွေလည်း ကျယ်ကျယ်လောင်လောင် တွေ့လာရပါတယ်။
ပေါက်ကွဲမှုနဲ့ပတ်သက်လို့ အသေးစိတ် စုံစမ်းစစ်ဆေးနေပြီး တာတန်ရှိသူတွေကို ဉပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့လည်း TNLA က ဆိုထားပါတယ်။
ဒါ့အပြင် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ လူထုတွေအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို သက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်းပြီး အမြန်ဆုံး ဆောင်ရွက်နေပြီဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။
တအာင်းပြည်ကောင်စီ TLC ကလည်း ကောင်းတပ်ရွာမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုမှာ ပါဝင်ပတ်သက်သူတွေကို ထိရောက်စွာ အရေးယူပေးဖို့နဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ဝိုင်းဝန်းကူညီပေးဖို့ တိုက်တွန်းပြောဆိုထားပါတယ်။
ကူညီပေးသူတွေရဲ့ စာရင်းအရ ဒီနေ့ ဇွန်လ ၁ ရက်အထိ သေဆုံးသူ ၆၀ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။ ဒဏ်ရာရသူတွေလည်း ၇၀ ကျော်အထိ ရှိနေပြီး ဒီကနေ့ ဇွန်လ ၁ ရက် မနက်ပိုင်းအထိကို ပျောက်ဆုံးနေတဲ့ ရုပ်အလောင်းတွေ ဆက်လက်ရှာဖွေနေကြတာနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။
လူထုတွေကတော့ ဒီကိစ္စအပေါ် တာဝန်အရှိဆုံးဖြစ်တဲ့ တအာင်းတပ် TNLA က ဘယ်လိုတာဝန်ယူပြီး ကိုင်တွယ်ဖြေရှင်းပေးမလဲဆိုတာကို စောင့်ကြည့်နေကြကြောင်းပါ။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။