ရွှေဖီမြေ၊ မတ်လ ၂၈ ရက်၊ မူဆယ်
ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ မနေ့ မတ်လ ၂၇ ရက် မနက်ပိုင်းက တရုတ်ယွမ် ၁၀၀ ကို မြန်မာငွေ ၆ သောင်းခွဲအထိ ဈေးမြှင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်မှာ ယွမ် ၁၀၀ ကို မြန်မာငွေ ၆၁,၀၀၀ ကျပ်ကနေ မနေ့ မတ်လ ၂၇ ရက်မှာတော့ ယွမ် ၁၀၀ ကို မြန်မာငွေ ၆ သောင်းခွဲအထိ ထိုးတက်လာတယ်လို့ မူဆယ်မြို့မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ငွေဈေးတက်တာက အရမ်းမြန်တယ်။ တစ်ရက်ကို သုံးရာကနေ ၅ ရာအထိ တက်တယ်။ ဒီနေ့မနက်ပိုင်းက ၆ သောင်းခွဲ တက်တာ။ တစ်နေရာနဲ့တစ်နေရာလည်း မတူဘူး”
အလားတူ နမ့်ခမ်းမြို့နယ်မှာလည်း ယွမ် ၁၀၀ ကို မြန်မာငွေ ၆၄,၁၀၀ အထိ တက်လာတယ်လို့ နမ့်ခမ်းမြို့မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
လက်ရှိ နမ့်ခမ်းမှာ တရုတ်ငွေ ဝယ်ဈေး ယွမ် ၁၀၀ ကို ကျပ် ၆၄,၁၀၀ အထိရှိပြီး ရောင်းဈေးမှာ ယွမ် ၁၀၀ ကို ကျပ် ၆၈,၁၀၀ ကျော်အထိ ပေါက်ဈေး ရှိတယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
တရုတ်ငွေဈေးဟာ အတက်အကျ မြန်နေပြီး ပုံမှန်မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ ၂၀၂၄ ခုနှစ် ဩဂုတ်လကလည်း ယွမ် ၁ဝဝ ကို ၉ သောင်းကျပ်အထိ မြှင့်တက်ခဲ့ဖူးပါတယ်။
နယ်စပ်မှာ တရုတ်ငွေဈေး တက်လာတာနဲ့အမျှ ကုန်ဈေးနှုန်းလည်း ငွေဈေးအလိုက် တက်လာတာကြောင့် ဒေသခံတွေ ပိုပြီးအခက်တွေ့နေကြတယ်လို့ ဆိုပါတယ်။
စစ်တပ် အာဏာမသိမ်းခင်က ယွမ် ၁၀၀ ကို မြန်မာငွေ ၂ သောင်းကျပ်ဝန်းကျင်သာ ရှိခဲ့ရာကနေ အာဏာသိမ်းပြီးနောက်မှာတော့ မြန်မာ့ငွေကြေး ဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ဒဏ်ကို လူထုတွေက အလူးအလဲ ခံစားနေရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။