ရွှေဖီမြေ၊ မတ်လ ၂၈ ရက်၊ နမ့်ဆန်
တောင်ပေါ်ဒေသနဲ့သဘာဝပတ်ဝန်းကျင်တွေထဲ တွေ့ရတတ်တဲ့ ကမျဉ်းနီကောင်တွေ ကိုက်ခံရရင် ဖြစ်နိုင်တဲ့ ဖျားနာရောဂါအပေါ် လူထုတွေ သတိထားကြဖို့ တအာင်းပြည်ကျန်းမာရေးဌာနက အသိပေးထားပါတယ်။
ကျန်းမာရေးဌာနရဲ့ ပြောကြားချက်အရ အဲဒီရောဂါဟာ ကမျဉ်းနီကောင် ကိုက်ခံရပြီးတော့ လူဆီကို ကူးစက်လာနိုင်တာဖြစ်ပြီး ကျေးလက်ဒေသတွေမှာ ပိုတွေ့ရတတ်တယ်လို့ သိရပါတယ်။
ကမျဉ်းနီကောင်တွေကို တောတောင်၊ လက်ဖက်ခြံ၊ တောင်ယာနဲ့ လယ်ယာတွေမှာ တွေ့နိုင်ပြီး အဲဒီနေရာတွေကို သွားလာတဲ့အချိန် မသိမသာ ကပ်တွယ်ပြီး ကိုက်ခံရနိုင်တယ်လို့ ဆိုပါတယ်။
ကိုက်ခံရရင် ဖျားတာ၊ ချမ်းတုန်တာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက် ကိုက်ခဲတာတွေ ဖြစ်နိုင်ပြီး ကိုက်ခံရတဲ့နေရာမှာ အမည်းရောင်အနာကွက်လေး ပေါ်လာတတ်တယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။
ဒီလိုလက္ခဏာတွေ ဖြစ်လာရင် နီးစပ်ရာ ကျန်းမာရေးဌာနကို အမြန်သွားပြီး ဆေးကုသမှု ခံယူဖို့နဲ့ ခြုံနွယ် ထူထပ်တဲ့နေရာတွေကို ရှောင်ကြဉ်ပြီး လက်ရှည်ခြေရှည် အဝတ်အစားတွေ ဝတ်ဆင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
ကမျဉ်းနီကောင် ကိုက်ခံရတာကြောင့် နှစ်စဉ်နှစ်တိုင်း နမ့်ဆန်မြို့နယ်ထဲ လူထုသေဆုံးတာတွေ မကြာခဏ ဖြစ်ပွားခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။