ရွှေဖီမြေ၊ မတ်လ ၂၄ ရက်၊ မူဆယ်
ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့နဲ့ နမ့်ခမ်းမြို့မှာ ဒီနေ့ မတ်လ ၂၄ ရက် မနက်ပိုင်းအထိ တရုတ်ယွမ် ၁၀၀ ကို မြန်မာငွေ ၆ သောင်းကျော်အထိ မြှင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ယွမ် ၁၀၀ ကို ၅ သောင်းခွဲကျော် ရှိရာကနေ ဒီလ မတ်လ ၂၄ ရက်မှာတော့ ၆ သောင်းကျော်အထိ ထိုးတက်လာတယ်လို့ နမ့်ခမ်းမြို့မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ပြီးခဲ့တဲ့ လက ၅၇,၅၀၀၊ ၅၈,၀၀၀ အဲလောက်ဘဲ ရှိတာ။ ဒီလက ၆ သောင်းတောင် ကျော်သွားပြီ။ မနေ့နဲ့ ဒီနေ့လည်း မတူ။ ဈေးတက်တာ အရမ်းမြန်တယ်။ မနေ့ မတ်လ ၂၃ ရက်က ၆၁,၂၀၀ ကနေ ၆၁,၃၀၀ အထိ တက်သွားတာ။ ငွေဈေးက လိုက်လို့ မမှီနိုင်ဘူး” လို့ ပြောပါတယ်။
လက်ရှိ နမ့်ခမ်းမှာ တရုတ်ငွေ ဝယ်စျေးယွမ် ၁၀၀ ကို ကျပ် (၆၂,၅၀၀) အထိရှိပြီး ရောင်းစျေးမှာ ယွမ် ၁၀၀ ကို ကျပ် (၆၁,၅၀၀)ဝန်းကျင်အထိ ပေါက်စျေး ရှိတယ်လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
တရုတ်ငွေဈေးဟာ အတက်အကျ မြန်နေပြီး ပုံမှန်မရှိဘူးလို့ နောက်ထပ် မူဆယ်မြို့မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ဒီနေ့က ငွေဈေး ၆၁,၅၀၀ ရှိတယ်။ Kpay နဲ့ ယူရင်တော့ ၆၁,၈၀၀။ တစ်ရက်တစ်ရက် ငွေ ဈေးမတူဘူး။ ကျတာကို မရှိဘူး။ တက်ပဲ တက်နေတာ။ ငွေဈေးလည်းတက်။ ကုန်ဈေးနှုန်းလည်း တက်။ ဘာတစ်ခုမှ အဆင်မပြေဘူး”
အလားတူ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လတုန်းကလည်း ယွမ် ၁ဝဝ ကို ၉ သောင်းကျပ်အထိ ဈေးမြှင့်တက်ခဲ့ဖူးတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
နယ်စပ်မှာ တရုတ်ငွေဈေး တက်လာတာနဲ့အမျှ ကုန်ဈေးနှုန်းလည်း ငွေဈေးအလိုက် တက်လာတာကြောင့် ဒေသခံတွေက ပိုပြီး အခက်တွေ့နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်တပ် အာဏာမသိမ်းခင်က တရုတ်ယွမ် ၁၀၀ ကို မြန်မာငွေ ၂ သောင်းကျပ်ဝန်းကျင်သာ ရှိခဲ့ရာကနေ အာဏာသိမ်းပြီးနောက်မှာတော့ မြန်မာ ငွေကြေး ဖောင်းပွမှုနဲ့အတူ ကုန်စျေးနှုန်းတွေလည်း ကြီးမြင့်လာပြီး အဲဒဏ်ကိုတော့ လူထုတွေကပဲ အလူးအလဲ ခံစားနေကြရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။