မိုင်းရူပ၊ ဇူလိုင် ၂၄ ရက်၊ လားရှိုး
ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်- ၈ အတွင်း မူးယစ်ဆေးကြောင်ပြီး သေနတ်ပြ ရမ်းကားတဲ့ အမျိုးသားတစ်ဦးကို မြို့ခံတွေ ဝိုင်းဖမ်းခဲ့တယ်လို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“မနေ့ ရပ်ကွက် ၈ မှာ ဖြစ်တာ။ အဲဒီကောင်က သေနတ်ပြ ခြိမ်းခြောက်တော့ ဝိုင်းဖမ်းကြတာ။ သိန္နီမြို့က တရုတ်လူမျိုးလို့ သိရတယ်။ ပြည်သူ့စစ်လို့လည်း ပြောကြတယ်။ အခု လားရှိုးက ဖြစ်ချင်တာတွေ ဖြစ်နေတာ”လို့ ဆိုပါတယ်။
မူးယစ်ဆေးကြောင်ပြီး သေနတ်ဖောက်တဲ့ အမျိုးသားကို မြို့ခံတွေ ဝိုင်းဖမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
လားရှိုးမြို့မှာ သူခိုးတွေကို အပါအဝင် လူသတ်မှု၊ ဓားပြမှု၊ လုယက်မှု ကျူးလွန်သူတွေကို စစ်ကောင်စီတပ်က အရေးယူနိုင်ခြင်းမရှိတာကြောင့် မြို့ခံတွေကိုယ်တိုင် ဝိုင်းဖမ်းနေရတယ်လို့ လားရှိုးမြို့ခံတွေက ဆိုကြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်မှာလည်း လားရှိုးပန်းခြံအနီးမှာ ဆိုင်ကယ်ခိုးယူနေတဲ့ အမျိုးသားကို မြို့ခံတွေ ဝိုင်းဖမ်းခဲ့ပြီး စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။